၂၀ နိုဝင်ဘာ ၂၀၂၆ - ၂၂:၂၀
အမေရိကန် ၏ ကျူးကျော်တိုက်ခိုက်မှုများတွင် ပူးပေါင်းကူညီခြင်းမပြုရန် အိမ်နီးချင်းနိုင်ငံများကို အီရန်က ပြင်းထန်စွာ သတိပေး

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နိုင်ငံ၏ တောင်ပိုင်းကမ်းရိုးတန်းဒေသများအပေါ် အမေရိကန်၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အိမ်နီးချင်းဒေသတွင်းနိုင်ငံများ၏ နယ်မြေကို အီရန်နိုင်ငံအား တိုက်ခိုက်ရန် အသုံးပြုခြင်းသည် ကျူးကျော်မှုမြောက်ကြောင်းနှင့် အီရန်အနေဖြင့် မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၏ တောင်ပိုင်းကမ်းရိုးတန်းဒေသများ၌ အမေရိကန်စစ်တပ်၏ ကျူးကျော်တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ဒေသတွင်းနိုင်ငံများ၏ နယ်မြေကို အီရန်နိုင်ငံအား တိုက်ခိုက်ရန် အသုံးပြုခြင်းသည် ကျူးကျော်တိုက်ခိုက်မှုနှင့် တူညီကြောင်း၊ ထိုသို့သော အခြေအနေမျိုးတွင် အီရန်နိုင်ငံ၌ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ ဒေသတွင်းရှိ အမေရိကန်စစ်စခန်းနှစ်ခု၌ တပ်ဆင်ထားသော ပက်ထရီယော့ (Patriot) လေကြောင်းရန်ကာကွယ်ရေးစနစ်များအပြင် ဒရုန်းနှင့် ဒုံးကျည်များ ပစ်လွှတ်သည့် စင်တာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါစင်တာများသည် အီရန်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုများ စတင်ရာနေရာများနှင့် ယင်းတိုက်ခိုက်မှုများကို ပံ့ပိုးပေးသည့် အထောက်အကူပြုစခန်းများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်၏ ခုခံကာကွယ်ရေးစစ်ဆင်ရေးများသည် အမေရိကန်၏ လက်နက်ကိုင်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျူးကျော်တိုက်ခိုက်မှုများ၏ အခြေစိုက်စခန်းများနှင့် ယင်းတို့ကို အထောက်အကူပြုသည့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထို့ပြင် အဆိုပါစစ်ဆင်ရေးများ၏ နောက်ဆက်တွဲရလဒ်များအတွက် ဥပဒေရေးရာနှင့် နိုင်ငံတကာတာဝန်ရှိမှုသည် အမေရိကန်နိုင်ငံအပေါ်တွင်သာ အကျုံးဝင်ကြောင်း ဖော်ပြခဲ့ပါတယ်။  အမေရိကန်သည် နိုင်ငံတကာဥပဒေ၏ အခြေခံမူများကို ချိုးဖောက်ခြင်းနှင့် အင်အားသုံးမှုကို တရားမဝင် ဆောင်ရွက်ခြင်းတို့ကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ်ဖြစ်စေခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

ထုတ်ပြန်ချက်တွင် ဒေသတွင်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် ပထဝီဝင်နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားရန် အလေးထားဖော်ပြထားပြီး အဆိုပါနိုင်ငံများ၏ အစိုးရများအနေဖြင့် မိမိတို့၏ နယ်မြေများ၊ စစ်စခန်းများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို အီရန်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုများအတွက် စီမံကိန်းရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ခြင်းတို့တွင် အသုံးပြုခြင်းမရှိစေရန် လိုအပ်သော အစီအမံများကို ဆောင်ရွက်ကြရန် အီရန်က ပြင်းထန်စွာ တောင်းဆိုခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေသတွင်းနိုင်ငံများအနေဖြင့် မိမိတို့၏ နယ်မြေနှင့် အဆောက်အအုံများကို အမေရိကန်က အသုံးပြုခြင်းအား တားဆီးရန် ပျက်ကွက်ပါက ယင်းလုပ်ရပ်သည် အိမ်နီးချင်းကောင်းဆက်ဆံရေး မူဝါဒကို ဆန့်ကျင်ရုံသာမက ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၃၃၁၄ (3314) ၏ နောက်ဆက်တွဲပါ အပိုဒ် ၃ (F) အရ ကျူးကျော်တိုက်ခိုက်မှုအဖြစ်လည်း သတ်မှတ်ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

ထိုသို့သော အခြေအနေမျိုးတွင် အီရန်အနေဖြင့် အဆိုပါနိုင်ငံများအပေါ် ခုခံကာကွယ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပိုင်ခွင့် အပြည့်အဝရှိကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ထုတ်ပြန်ချက်တွင် အီရန်နိုင်ငံသည် ယခုအချိန်အထိ အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် အစ္စလာမ်ကမ္ဘာ့အသိုက်အဝန်း၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားသည့်အနေဖြင့် အတတ်နိုင်ဆုံး သည်းခံမှုကို ပြသခဲ့ကြောင်း ထပ်မံဖော်ပြထားပါတယ်။

 ထို့အပြင် အဆိုပါနိုင်ငံများအတွင်းရှိ အမေရိကန်စစ်စခန်းများနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းလည်း ဆိုပါတယ်။

နောက်ဆုံးတွင် အီရန်နိုင်ငံက မိမိ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်ရန် ခိုင်မာသည့် သန္နိဋ္ဌာန်ရှိကြောင်း ထပ်မံအတည်ပြုခဲ့ပြီး အီရန်နိုင်ငံအပေါ် နောက်ထပ်ကျူးကျော်တိုက်ခိုက်မှု သို့မဟုတ် ရန်လိုသည့် လုပ်ရပ်တစ်စုံတစ်ရာ ပြုလုပ်လာပါက အီရန်လက်နက်ကိုင်တပ်ဖွဲ့များက ပြတ်သားပြီး နောင်တရစေမည့် တုံ့ပြန်မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha