အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ကချင်ပြည်နယ် ဟိုပင်မြို့နှင့် တစ်မိုင်ဝန်းကျင် ဝေးသော သဲဖြူချောင်းတွင် ကျောင်းသား အချို့ အပါအ၀င် နေ့စဉ် လူဦးရေ ၅၀၀ ကျော်အထိ လာရောက်၍ မူးယစ်ဆေးဝါး ၀ယ်ယူ သုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေး အဖွဲ့က ပြောသည်။
“တစ်နေ့ကို သုံးစွဲတဲ့ လူငါးရာကျော်လောက် လာတယ်။ ပွဲတော်ကြီးကို ဖြစ်နေတာ” ဟု မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ကပြောသည်။
မိုးညှင်းမြို့နယ် အတွင်းရှိသော သဲဖြူချောင်းတွင် မူးယစ်ဆေးဝါး ရောင်းချသော နေရာ သုံးခုရှိပြီး မူးယစ်ဆေး ရှူသည့် အခန်းလည်း သုံးခန်းရှိကာ မူးယစ်ဆေးဝါး အသုံးပြုသူများသည် ချောင်းဘေးတွင် အသုံးပြုနေကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ယင်းနေရာတွင် မူးယစ်ဆေးဝါးများအား ကျပ်တစ်ထောင်ဖိုးမှ စတင် ၀ယ်ယူနိုင်ကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ်တွင် ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီး အရေးယူခဲ့ပြီး ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တစ်မှု ဖမ်းဆီးထားကြောင်း ဟိုပင်မြို့ ရဲစခန်းမှူး ဦးမျိုးမြင့်ဦးက ပြောသည်။
“မူးယစ်ဆေး သုံးတဲ့သူက တစ်နေ့ကို သုံးခေါက်လောက် သွားတယ်” ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသောနေရာ သုံးနေရာသို့ တစ်ရက်လျှင် ဆေးထိုးအပ် အချောင်း ၁၅၀၀ ၀န်းကျင် သွားရောက် ပို့ပေးနေရကြောင်း မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေးအဖွဲ့ က ပြောသည်။
“ဆေးထိုးတဲ့သူတွေက ကြာလာတော့ အကြောတွေက ပိတ်ကုန်တာ။ အဲဒီ အကြော ရှာပေးတဲ့သူက လူတစ်ယောက်ကို ငါးရာတောင်းတယ်။ သူကလည်း ဆရာဝန်ထက် ကျွမ်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။