၂၇ ဇွန် ၂၀၁၃ - ၁၉:၃၀
နာဂစ်သူရဲကောင်း “ဟန်နာဘိခ်ျ” ဦးဝီရသူကြောင့် အဆဲခံရခြင်း

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ  

ယခု အသံများဆူပွက် သွားစေသော ဦးဝီရသူပုံပါ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံး ပါ Face of Buddhist Terror ဆောင်းပါး ကိုရေးသားသူမှာ ဟန်နာဘိခ်ျ ( Hannah Beech) ဖြစ်သည်။ ကမ္ဘာ့ သိက္ခာရှိ မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် တိုင်းမ်း မဂ္ဂဇင်းမှ သတင်းစာ ဆရာမ ဖြစ်သူ ဟန်နာဘိခ်ျ မှာ အမေရိကန် လူမျိုးတစ်ဦးဖြစ်ပြီး လက်ရှိ တိုင်းမ် မဂ္ဂဇင်း ၏ အာရှရေးရာ ကျွမ်းကျင်သူ လည်းဖြစ်သည်။

 

အဆိုပါ တိုင်းမ် မဂ္ဂဇင်း ၏ အရှေ့တောင်အာရှ ဗျူရို အကြီးအကဲ အဖြစ်လည်း မကြာခဏ ဖော်ပြခြင်း ခံရသော ဟန်နာ ဘိခ်ျ မှာ မနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သော၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၂ တွင် Panel Speaker တစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည့် အတွက် ထင်ရှားသည်။

 

ဟန်နာမှာ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ကိုလ်ဘီကောလိပ် မှ ၁၉၉၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဘွဲ့မရမီ ၁၉၉၄ ခုနှစ်က သမ္မတဟောင်း ဟယ်ရီအက်စ် ထရူးမင်း ပညာသင်ဆု ကို မေရီလင်းပြည်နယ် မှ ထူးချွန်စွာ ရရှိခဲ့သူဖြစ်သည်။ အမေရိကန် ပြည်ထောင်စု တွင် Presidential Scholarship ခေါ် သမ္မတ ၏ အထူးပညာ သင်ဆု များကို သာမန်ထူးချွန်သူများ ရနိုင်ကြသည် မဟုတ်ပေ။ ငယ်စဉ်ကတည်းက အတန်းတိုင်းတွင် အစွမ်းပြ ထူးချွန်ခဲ့သူများသာ ရရှိနိုင်သော ဆုဖြစ်သည်။

 

U.S. NEWS & WORLD REPORT တွင်အလုပ်သင် သတင်းထောက်အဖြစ် သတင်းစာလောက သို့ စတင်ဝင်ရောက်ခဲ့သည့် ဟန်နာမှာ အာရှရှိ သတင်းအဖွဲ့အစည်း အတော်များများ တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဘူးသည်။

 

ဟန်နာဘိခ်ျ မှာ အာရှတိုက် သတင်းစာ ထုတ်ဝေသူများ အသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို ၂၀၀၉ ခုနှစ်က ရရှိခဲ့သည်။ ထိုဆုကို ရှရှိရာတွင် အကောင်းဆုံးသတင်း ဂုဏ်ထူးဆောင် အထူးဆု ရရှိခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သော သတင်းဆောင်းပါးမှာ “Cyclone Nargis in Burma” ဖြစ်သည်။

 

ထိုစဉ်က မြန်မာ့သမိုင်းစဉ် တွင် အကြီးမားဆုံးသော သဘာဝဘေးအန္တရာယ်ကြီး ဖြစ်သည့် နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူများ၏ သရုပ်ကို ကမ္ဘာ့ စာဖတ်ပရိသတ် ကွက်ကွက် ကွင်းကွင်း မြင်သာအောင် ဖော်ကျူး ပြနိုင်ခဲ့သောကြောင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

 

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသင့် အောက်မြန်မာနိုင်ငံတွင် လူပေါင်း သိန်း နှင့်ချီ သေကျေ ပျက်စီးခဲ့ပြီး ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ဆုံးရှုံးမှု မခန့်မှန်းနိုင်လောက်အောင် ကြီးမားခဲ့ပါသော်လည်း ထိုစဉ်က အုပ်ချူပ်သူအကြီးအကဲ ဗိုလ်ချူပ် မှူးကြီး သန်းရွှေအစိုးရ (လက်ရှိသမ္မတကြီး ဦးသိန်းစိန်မှာ ထိုစဉ်က ၀န်ကြီးချူပ်ဖြစ်သည်။) မှာ ဘာမှမဖြစ်ပါ။ အားလုံးအဆင်ပြေပါသည်ဟု တွင်တွင် လိမ်လည် နေခဲ့ပြီး နိုင်ငံတကာမှ ကမ်းလှမ်းခဲ့သည့် မုန်တိုင်းလွန် ကာလ ကယ်ဆယ်ရေး အကူအညီများကို တစ်လကျော်ကြာ လက်မခံနိုင်ဟု ငြင်းဆန်နေခဲ့သည်။

 

မုန်တိုင်းကြောင့် သေဆုံး သွားခဲ့ရသူများမှာ အမှန်တကယ်တွင် နှစ်သိန်းခွဲ နှင့် သုံးသိန်းအကြား ရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ပါသော်လည်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေအစိုးရ က တစ်သိန်း လေးသောင်း ၀န်းကျင်ခန့် နှင့် စာရင်းပိတ်လိုက် ပြီး ၄င်း တို့၏  တွေဝေတာဝန်မဲ့မှုများကြောင့် ဖြစ်ခဲ့ရသော အထိအရှ စာရင်းကို မှေးမှိန်အောင် ကြိုးစားခဲ့သည်။

 

ထိုသို့ နိုင်ငံတကာကိုလည်း ၀င်အကူအညီမခံ၊ မိမိတို့တွင်လည်း ကူညီနိုင်သည့် စွမ်းအား မရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ၊ ပြည်တွင်း သတင်းစာ၊ ဂျာနယ်များ တွင်လည်း နာဂစ် နှင့်ပတ်သက်သည့် သတင်း များ အားတင်းတင်းကြပ်ကြပ် စိစစ် ပြီး အထူးသဖြင့် ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းများ စသည့် အထောက်အထားများအား ရသလောက်ဖျောက်ဖျက် ပစ်နေချိန်လည်းဖြစ်သည်။ ပြည်တွင်းတွင် အမှန်တကယ် ဘာဖြစ်နေသည် ကို ပြင်ပကမ္ဘာ သို့မပေါက်ကြားစေရန် အမြင့်ဆုံးအဆင့် သတ်မှတ် ဆောင်ရွက်ခဲ့သည့် အချိန်အခါလည်းဖြစ်သည်။

 

ထိုသို့သော အခြေအနေ သမယ အတွင်း ဟန်နာဘိခ်ျ ၏ Cyclone Nargis in Burma ဆောင်းပါး ပါလာခဲ့ပြီး အထောက်အထား အတော် ပြည့်ပြည့်စုံစုံ ဖြင့် မြန်မာပြည်တွင်း အမှန်တကယ် ဘာဖြစ်နေသည်ကို ပြင်ပကမ္ဘာ သိခွင့်ရသွားခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း က မြန်မာပြည်တွင်း လာရောက် ခွင့်ပြုရန် တောင်းဆိုသည်အဖြစ် ဦးတည် သွားစေပြီး ထိုနောက်ပိုင်းတွင် အစိုးရ မှ နိုင်ငံတကာ အကူအညီများအား ၀င်လာခွင့် ပြုလိုက်သည်။

 

အထက်ပါ အကြောင်းချက်များအား ထောက်ချင့်ကြည့်လျှင် ဟန်နာဘိခ်ျ ၏ ကလောင်သွားမှာ မြန်မာပြည်သူများ အတွက် မည်သို့ အကျိုးပြု ခဲ့ဘူးကြောင်း ထင်ရှားသည်။ ထိုစဉ်က ပြည်ပရောက် မြန်မာများ၊ ပြည်တွင်း မြန်မာပညာတတ် များ အကြားတွင် ဟန်နာ ၏ အဆိုပါ ဆောင်းပါးမှာ များစွာ အားပေးသြဘာ ပေးခြင်း ခံခဲ့ရသည်။

 

ဟန်နာဘိခ်ျ မှာ ၂၀၀၇ ခုနှစ်ကလည်း အဆိုပါ အာရှတိုက် သတင်းစာထုတ်ဝေသူများ အသင်း ၏ အကောင်းဆုံး အယ်ဒီတာ့ အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို အကောင်းဆုံး အတွေးအမြင် ဆောင်းပါးဆု ရရှိခဲ့သည့် နိုင်ငံတကာ တွင် လေးစားခြင်းခံရသည့် သတင်းစာဆရာမတစ်ဦးဖြစ်သည်။

 

ယခုအခါ တွင်မူ ဟန်နာဘိခ်ျ မှာ မြန်မာဗုဒ္ဓဘာသာဝင် များ၏ မေတ္တာတော် စူးရောက်ခြင်း ခံနေရသူဖြစ်သည်။

 

(ရောဘတ်အယ်လ်ဟို့စ်)