အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဂယက်ကြောင့် လုံခြုံရေး အထူး တင်းကျပ် ထားသည့် မြန်မာနိုင်ငံ၏ အထင်ကရ ဘုရားစေတီဖြစ်သော ရွှေတိဂုံ စေတီပေါ်သို့ တိုက်ခိုက်နိုင်သည့် ကိရိယာ ပစ္စည်းများ ယူဆောင်လာသူ တစ်ဦးကို ဖမ်းဆီး ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
အဆိုပါ အသက် ၂၀ အရွယ် ဦးကျော်ဦး ဆိုသူကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး ယင်းအမျိုးသားသည် မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှကျေးရွာ တွင် နေထိုင်သူ ဖြစ်ကြောင်း၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှ အဖြူရောင် ပလတ်စတစ်အိတ်ကို ကိုင်ဆောင်၍ ဘုရားပေါ်သို့ တက်ရောက်စဉ် ဘုရား လုံခြုံရေး အဖွဲ့ဝင်များက စစ်ဆေး ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဖြူရောင် ပလတ်စတစ်အိတ်တွင် အရိုးအသွား ခုနစ်လက်မရှိ ဓားဦးချွန် တစ်ချောင်း၊ ဓာတ်ခဲအကြီး သုံးလုံး၊ ဝါယာကြိုး တစ်ချောင်း၊ မီးပိတ်/ဖွင့် ခလုတ် တစ်ခု၊ ဓာတ်မီး တစ်လက်၊ ၈/၁၀ ဆိုဒ် ဂွ တစ်ချောင်း၊ သံဖြတ်လွှ ကျိုး တစ်ချောင်း၊ ဆိုင်ကယ် Start မော်တာ အလယ်အူတိုင် တစ်ခု၊ ကိုရီးယား ဝမ်ငွေ ၁၀၀၀၊ ဗီယက်နမ် ဒေါင်ငွေ ၁၀၀၀၀ ပါရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှ သိရှိရသည်။
“ဒီမနက်မှ ရန်ကုန်ကို ရောက်ပြီး ဘုရားလာဖူးတယ်လို့ ထွက်ဆိုထား ပါတယ်။ သိမ်းဆည်းပစ္စည်းထဲမှာ ပေါက်ကွဲစေနိုင်တာတော့ မတွေ့ရပါဘူး” ဟု ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။ ဦးကျော်ဦးကို လက်နက် ကိုင်ဆောင်မှုဖြင့် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး (ပ) ၁၅၇/၁၃၊ ပြစ်မှုပုဒ်မ- ၁၉ (င) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ ရွှေတိဂုံ စေတီပေါ်တွင် လက်နက် ကိုင်ဆောင်မှုဖြင့် အရေးယူမှုမှာ ယခင်နှစ် များက ရှိခဲ့ဖူးသော်လည်း ယခုဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး အကြိမ် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။