အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
မြန်မာ့ တပ်မတော်မှ အရာရှိအချို့နှင့် အမေရိကန် ရေတပ်မှ အဆင့်မြင့် အရာရှိများ၏ စစ်ဘက်ဆိုင်ရာ ဥပဒေ ဆွေးနွေးပွဲကို သြဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ နေပြည်တော်တွင် နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ အမေရိကန်ရေတပ်မှ S Captain Robert Sanders ဦးဆောင်သည့် အဖွဲ့သည် မြန်မာ့တပ်မတော်မှ အရာရှိ ၂၀ ကို နိုင်ငံတကာ ဥပဒေဆိုင်ရာစံနှုန်း၊ လုပ်ဆောင်ချက်များကို ရှင်းလင်း ပြောကြားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ဆွေးနွေးမှု ပြုလုပ်ရခြင်းမှာ လူ့အခွင့်အရေး အလေးထားမှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ တပ်မတော်များ အပြန်အလှန် နားလည်မှု တည်ဆောက်ရန်အတွက် ဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။ ယနေ့ ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေ၊ လက်နက်ကိုင် ပဋိပက္ခနှင့် နိုင်ငံတကာဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းများ၊ စစ်ဌာနချုပ်များ၏ တာဝန်ကျေပွန်မှုစသည့် အကြောင်းအရာများ ပါဝင်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့ တပ်မတော်သို့ နည်းပညာနှင့် လေ့ကျင့်ရေး အကူအညီများ ပေးအပ်ရန် သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း နှစ်ဖက်သဘောတူ ထားပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့တပ်မတော် အရာရှိများကို ဆွေးနွေးလေ့ကျင့်မှုများ ဆက်တိုက်ပြု လုပ်သွားရန် ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ “စစ်ရေးနဲ့ မသက်ဆိုင်တဲ့ လေ့ကျင့်ရေးသင်တန်းတွေလည်း ပေးသွားဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ပစိဖိတ်ဒေသ အမေရိကန်တပ်ဖွဲ့များ၏ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖရန့်စစ်ဝီယားစင်စကီး ဦးဆောင်သည့် ထိပ်တန်း စစ်ဘက်အရာရှိ အချို့သည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။