အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဆီးရီးယား နိုင်ငံ၏ အဓိက အတိုက်အခံ အဖွဲ့ဖြစ်သည့် ဆီးရီးယား တော်လှန်ရေး
အမျိုးသား ညွန့်ပေါင်းအဖွဲ့နှင့် တော်လှန် တိုက်ခိုက်ရေး အဖွဲ့ခေါင်းဆောင် အာမက်ဂျာဘားနှင့် တွေ့ဆုံခဲ့ပြီးနောက် နိုဝင် ဘာတွင် ပြုလုပ်မည့် ဂျီနီဗာ အစည်းအဝေးသို့ တက်ရောက်မည့် အတိုက်အခံ ကိုယ်စားပြု ခေါင်းဆောင်တစ်ဦးကို ရွေးချယ် စေလွှတ်သွားရန် အတွက် အခြားအတိုက် အခံ ခေါင်းဆောင်များနှင့် ညှိနှိုင်း တိုင်ပင်သွားရန် တောင်းဆိုခဲ့ကြောင်း အဆိုပါ တွေ့ဆုံမှု ပြီးနောက် ကုလသမဂ္ဂအဖွဲ့သည် ၎င်း၏ ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၂၈ရက်က ထုတ်ပြန် ဖော်ပြခဲ့သည်။
လာမည့် နိုဝင်ဘာလလယ်တွင် ဆီးရီးယားအရေး ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ ညီလာခံကို ဂျီနီဗာတွင် ကျင်းပသွားရန် ကုလသမဂ္ဂ အနေဖြင့် ရည်မှန်းထားကြောင်းနှင့် အဆိုပါ ညီလာခံသို့ ဆီးရီးယား အစိုးရနှင့် ဆီးရီးယား အတိုက်အခံ ကိုယ်စားလှယ် အဖွဲ့ကိုလည်း ဖိတ်ကြားထားကြောင်း ဘန်ကီမွန်းက ပြောကြားခဲ့သည်။
ဆီးရီးယား နိုင်ငံတွင် အစိုးရတပ်ဖွဲ့များနှင့် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။