အဟ်လေ့ဘိုက်(အ.စ)သတင်းဌာနအတွဲ (၁၂)၊ အမှတ်(၃၅)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန် ရောက်လာသည့်အခါ မြန်မာဝတ်စုံကိုဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် နှင်းဆီပွင့်ကို ပန်ထားသည်။
မြန်မာနိုင်ငံ၏ အနာဂတ်ရေးနှင့်ပတ်သက်ပြီး လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းများဝိုင်းမေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ရောက်မလာမီ လွန်ခဲ့သည့်တစ်ပတ်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင် အပါအ၀င် မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း ထို အဆောက်အအုံသို့ပင် တိုင်းပြည်၏ စီးပွားရေးပြောင်းလဲမှုများကို ပုံဖော်ပြသကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် လာရောက်ခဲ့သေးသည်။
အနောက်တိုင်းဝတ်စုံကို ၀တ်ဆင်ထားသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာဝတ်စုံဝတ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်တို့က ၄င်းတို့နိုင်ငံ၏အမည်ကို တစ်ဦးက မြန်မာဟုခေါ်ဝေါ်ပြီး နောက်တစ်ဦးကမူ ဘားမားဟုသုံးနှုန်းပြီး ခေါ်ဝေါ်ပြောဆိုခဲ့၏။
ဒေါ်အောင်ဆန်းစုကြည်က “၀တ်စုံကိုပြောင်းဖို့က အတွေးအခေါ်ပြောင်းတာထက် ပိုလွယ်ပါလိမ့်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမရှိဘဲ စီးပွားရေးပြောင်းလဲမှုရှိမလာပါဘူး”ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာ၏ဒီမိုကရေစီလမ်းဖွင့်လာမှုကို အကောင်းမြင်လွန်းသည့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို သတိပေးလျက်ရှိနေပြီး အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် မြန်မာအစိုးရကိုတောင်းဆိုထားသည်။ လွှတ်တော်တွင် စစ်တပ်အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုထားသည့် အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် သမ္မတအဖြစ် မပါဝင်နိုင်အောင် ကန့်သတ်ထားသည်။
ယခုအချိန်တွင် မြန်မာအစိုးရက နောက်နှစ်တွင် ယခုထက်ပိုပြီး တိုးတက်မှုကို ကိုးရာခိုင်နှုန်းထိ တိုးတက်လာရန် ဦးတည်သတ်မှတ်ထား၏။ ထိုအထဲတွင် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးလာရေး၊ ဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့မှာ အဓိကဦးစားပေးများဖြစ်သည်ဟု ပြောကြားသည်။
ဗီဇာ၊ မာစတာ စသည့်ခရက်ဒစ်ကတ်များက မြန်မာပြည်တွင် ရောက်ရှိနေပြီး ကိုကာကိုလာ၊ ယူနီလီဗာ စသည့်နိုင်ငံတကာကုမ္ပဏီများကလည်း ရောက်ရှိအလုပ်လုပ်နေကြပြီ။ အီတလီစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် ENI က မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များ လုပ်ပိုင်ခွင့်ရသွားသော ကုမ္ပဏီများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။
“မြန်မာမှာ အခုထိက တူးဖော်တဲ့ကမ်းလွန်လုပ်ကွက် ၁၅၀ ပဲရှိသေးတယ်။ အမေရိကမှာ ဒါဟာ နှစ်ရက်စာလောက်ပဲ။ လူဦးရေထက်ဝက်လောက်က မီးမရသေးဘူး။ မီးမရှိဘဲနဲ့တော့ စီးပွားရေးတိုးတက်မှုမရှိနိုင်ဘူး။ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ပေမယ့် အခုတော့ အရှေ့တောင်အာရှမှာ ပေါင်းကူးတံတားတစ်စင်း ဖြစ်လာပါပြီ”ဟု ENI အမှုဆောင်ဒါရိုက်တာ ပါလိုစကာရွန်နီကပြောကြားသည်။
မြန်မာနိုင်ငံတွင် အဓိကရင်ဆိုင်နေရသော အခက်အခဲမှာ နိုင်ငံရေးအနာဂတ်မသေချာမှုနှင့် စီးပွားရေးအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်မှုမရှိခြင်းဖြစ်သည်။
ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားများအပေါ် တညီတညွတ်တည်းထားသည့် အခွန်ကောက်ခံမှုကို တင်ပြခဲ့သည်။ ပြည်ပမှတင်သွင်းသော စက်ပစ္စည်းနှင့် ကုန်ကြမ်းများအပေါ် အခွန်ကောက်ခံမှုမရှိဟုဆိုသည်။ နိုင်ငံတကာကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ကို မိမိတို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ပြီး မြန်မာအစိုးရက ပတ်သက်ခြင်း၊ သိမ်းယူခြင်းများ ရှိမည်မဟုတ်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိအလုပ်လုပ်နေကြသော နိုင်ငံတကာကုမ္ပဏီများက မဖွံ့ဖြိုးသေးသည့် ဘဏ်စနစ်၊ ငွေပင်ငွေရင်း အားနည်းနေမှု၊ အခြေခံဖွံ့ဖြိုးမှုများ၊ မပြည့်စုံမှုများ၊ အားနည်းမှုနှင့် မရေရာသော အာမခံစနစ်များကို ရင်ဆိုင်တွေ့ကြုံနေရသည်နှင့်ပင် တော်လောက်ပါပြီဟုဆိုကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကမူ မည်သည့်နိုင်ငံတွင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရေကန်အသင့်ကြာအသင့် ဖြစ်နေသည်ဆိုသည်မှာ မရှိသေးကြောင်း သို့သော် အနာဂတ်တွင် ပြည့်စုံလာမည်ဖြစ်ကြောင်း ပြောကြားသွားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ဗြိတိန်မှရင်းနှီးမြှုပ်နှံသူများရှိနေပြီး တရုတ်နိုင်ငံကမူ ထိပ်ဆုံးတွင် နေရာယူထားသည်။
စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းအပြီး ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် ပိုများလာသည်။ သို့ရာတွင် မြန်မာအစိုးရ၏ သဘောထားပြောင်းလဲသွားပါက စီးပွားရေးတိုးတက်မှုတွင် အကျိုးအမြတ်ခံစားရမည့်သူက မည်သူတွေဖြစ်လာမည်ဆိုသည်ကိုမူ စောင့်ကြည့်ရပေဦးမည်။
(Newsateman မဂ္ဂဇင်းပါဆောင်းပါးကို ထားထားမြင့် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
7daynewsjournal.com