အဟ်လေ့ဘိုက် (အ.စ)သတင်းဌာန၊အဗ်နာ
အီဂျစ် တပ်မတော်ကို အာဏာအများ အပြား ပေးအပ်ထားသည့် အခြေခံဥပဒေ မူကြမ်းကို အဖွဲ့ဝင် ၅၀ ပါဝင်သော အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီက စတင်မဲခွဲ ဆုံးဖြတ်နေပြီ ဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ အခြေခံဥပဒေ မူကြမ်းကို ကော်မတီက အတည်ပြုလိုက်ပါက ၂၀၁၄ ခုနစ် အစောပိုင်းတွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမည် ဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲများကို နှစ်လယ်ပိုင်းတွင် ကျင်းပမည် ဖြစ်သည်။
ပုဒ်မခွဲပေါင်း ၂၄၇ ခု ပါဝင်သည့် အခြေခံဥပဒေ မူကြမ်းကို အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင် ၄၈ ဦးက မဲခွဲ ဆုံးဖြတ်နေပြီး လာမည့် တနင်္ဂနွေနေ့ထိ ဆက်လက် မဲခွဲသွားရမည်ဟု ကော်မတီ ဥက္ကဋ္ဌမူဆာက ပြောကြားသည်။ ဥပဒေများ ရေးဆွဲရာတွင် အစ္စလာမ္မစ် ရှရီးယား ဥပဒေကို အခြေခံရမည်ဟု ဖော်ပြထားသော ပုဒ်မ ၂ ကို ကော်မတီဝင် ၄၅ ဦးက အတည်ပြု ပေးခဲ့သည်။
အစ္စလာမ္မစ်သမ္မတ မိုဟာမက် မော်စီကို အီဂျစ်စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အစ္စလာမ္မစ်များ ဦးဆောင် ရေ ဆွဲထားသော အခြေခံဥပဒေကို ၂၀၁၂ ခုနှစ်တွင် ဆိုင်းငံ့ခဲ့ပြီး အခြေခံဥပဒေသစ် ရေးဆွဲရေးကို စက်တင်ဘာလမှ စတင်လုပ်ဆောင်ခဲ့သည်။ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင် ၅၀ မှာ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့၊ ကော့တစ် ခရစ်ယာန် ဘုရားကျောင်း စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖြစ်သည်။
သို့သော်လည်း ယင်းအဖွဲ့တွင် အစ္စလာမ္မစ် ကိုယ်စားလှယ်နှစ်ဦးသာ ပါဝင်ပြီး ၎င်းတို့မှာလည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မွတ်ဆလင် ညီနောင်များ အဖွဲ့မှမဟုတ်ဘဲ အခြားသော အဖွဲ့များမှ ဖြစ်သည်။ ထို့အပြင် အီဂျစ်တပ်မတော်ကို တိုက်ခိုက်သည့် အရပ်သားများကို စစ်တပ်တရားရုံးဖြင့် တရားစွဲပိုင်ခွင့် ရှိသည်ဟု အခြေခံဥပဒေ မူကြမ်း ပုဒ်မ ၂၀၃ တွင် ဖော်ပြထားသဖြင့် စစ်တပ်သြဇာ ကြီးမားနေကြောင်း လူ့အခွင့်အရေး အုပ်စုများက ထောက်ပြထားသည်။
ယင်းပုဒ်မကို အသုံးပြုပြီး ဆန္ဒပြသမားများ၊ ဂျာနယ်လစ်များနှင့် အတိုက်အခံများကို ဖိနှိပ်နိုင်ကြောင်း ၎င်းတို့က ဝေဖန်ထားသည်။ အီဂျစ် ကာကွယ်ရေးဝန်ကြီးကို လက်နက်ကိုင်တပ်ဖွဲ့ ဦးစီးကောင်စီ၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရမည်ဟု ပုဒ်မ ၂၃၄ တွင် ဖော်ပြထားပြီး စစ်တပ်၏ အသုံးစရိတ်ကိုလည်း အရပ်ဘက်က စစ်ဆေး စိစစ်ပိုင်ခွင့်မရှိဟု မူကြမ်းတွင် ဖော်ပြထားသည်။
ပုဒ်မ ၂၀၃ နှင့် ၂၃၄ များကို မူကြမ်းရေးဆွဲရေး ကော်မတီဝင်များက မဲခွဲ အတည်ပြုပေးရန် ကျန်ရှိနေသေးသော်လည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး အဖွဲ့များက ယင်း အခြေခံဥပဒေ မူကြမ်းကို လက်မခံကြောင်း ဖော်ပြထားသည်။