အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊ အဗ်နာ
- မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က မည်သည့်ကြိုတင် သတိပေးမှုမှမပြုလုပ်ဘဲ စစ်ပွဲဖြစ်ပွားနိုင်သည်ဟု ပြောဆိုလိုက်ပြီး၊ မြောက်ကိုရီးယား စစ်တပ်ကိုလည်း တိုက်ပွဲ အတွက် အဆင်သင့်ဖြစ်နေရန် တိုက်တွန်းထားသည်ဟု မြောက်ကိုရီးယား မီဒီယာများက ယနေ့တွင်ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားတွင် မကြာသေးမီက ပြန်လည် လည်ပတ်နေသည့် နျူးကလီးယားဓာတ်ပေါင်းဖို့အတွက် လောင်စာချောင်းများကို စတင် ထုတ်လုပ်နေသည်ဟု ဂြိုဟ်တုမှ ရိုက်ထားသည့် ဓာတ်ပုံများက ဖော်ပြနေသည်ဟု Johns Hopkins တက္ကသိုလ်မှ အစီရင်ခံစာ ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံအတွင်း ဒုတိယအာဏာအရှိဆုံးဟု ယူဆရပြီး ကင်ဂျုံအန်၏ ဦးလေးဖြစ်သူ ဂျန်ဆွန်ထက်အား ကွပ်မျက်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများဖြစ်ပေါ် လာပြီး၊ မြောက်ကိုရီးယားအနေဖြင့် နျူးကလီးယား လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ Ref: Al Jazeera