အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
သာကေတမြို့နယ်တွင် မဲဆွယ်စည်းစဉ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ ဓားခုတ်ခံရမှုနှင့် ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၎င်းတို့၏ Yangon Police Facebook စာမျက်နှာတွင် အောက်တိုဘာ ၃၀ ရက် ည ၈ နာရီခန့်က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အောက်တိုဘာ ၂၉ ရက်၊ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်သည့် အဖွဲ့သည် သာကေတမြို့နယ်၊ ၃/မာန်ပြေ ရပ်ကွက်၊ မာန်ပြေလမ်းနှင့် မာန်ပြေ (၈) လမ်းထိပ် အရောက်တွင် စည်းရုံးရေးအဖွဲ့မှ တာဝန်ခံတစ်ဦး ကွမ်းယာဆိုင်သို့ ရေ၀င်သောက်စဉ် ဇော်လတ်ဆိုသူနှင့် စကားများပြီး ဇော်လတ်မှ လက်သီးဖြင့်ထိုးပြီး ခုံဖြင့်ရိုက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
ယင်းနောက် ဇော်လတ်မှ နေအိမ်သို့ ပြန်သွားကာ ငှက်ကြီးတောင်ဓါးအား ကိုင်ဆောင်၍ လည်းကောင်း၊ ထက်ကို (ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့ (၂) ဦးက တုတ်များကိုင်ဆောင်၍ လည်းကောင်း မဲဆွယ်စည်းရုံးရေး အဖွဲ့ရှိရာ မာန်ပြေ (၉) လမ်းထိပ်သို့ လိုက်ပါလာပြီး ဆဲဆိုကာ မဲဆွယ်စည်းရုံးသည့် အဖွဲ့သားများအား ဓါးဖြင့် ခုတ်၊ တုတ်ဖြင့် ရိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် သာကေတမြို့နယ် မဲဆန္ဒနယ် (၁) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးနိုင်ငံလင်း (လက်ရှိပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)၊ ရပ်/ကျေး အလုပ်အမှုဆောင် ဦးကျော်သူနှင့် တိုင်းဒေသကြီးလွှတ်တော် သာကတေမြို့နယ် မဲဆန္ဒနယ် (၂) မှ လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းသို့ ဖြစ်ပွားခဲ့သည့် အတွက် ဦးနိုင်ငံလင်းတွင် နဖူးဝဲဘက်နှင့် ၀ဲ/ယာ လက်နှစ်ဖက်တို့တွင် ပြတ်ရှဒဏ်ရာများနှင့် ဦးကျော်သူတွင် ယာလက်ဖ၀ါး၌ ပြတ်ရှဒဏ်ရာတို့ ရရှိခဲ့သဖြင့် ၎င်းတို့ (၂) ဦးမှာ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာများအဖြစ် ကုသလျက်ရှိပြီး ဒေါ်သန္တာမော်တွင် ၀ဲလက်မောင်း၌ နာကျင်ဒဏ်ရာ ရရှိခဲ့သဖြင့် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အမှုမှ ပြစ်မှုကျူးလွန်သူ သာကေတမြို့နယ် နေသူများဖြစ်သည့် ဇော်လတ် (၄၀) နှစ်၊ ထက်ကို (ခ) ထက်အောင်လှိုင်၊ (၂၄) နှစ်နှင့် မင်္ဂလာဒုံမြို့နယ်နေ မျိုးမင်းခိုင် (၂၆) နှစ်တို့ (၃) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ကျူးလွန်သူများကို အရေးယူပေးရန် သာကေတမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါ်ချိုချိုမှ တိုင်တန်းခဲ့သဖြင့် သာကေတ မြို့မရဲစခန်း (ပ) ၆၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆/၃၂၃/၂၉၄/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်သတင်း ထုတ်ပြန်သည်။
ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များသည် မော်တော်ယာဉ်များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်ရာမှ ပြန်လာစဉ် မာန်ပြေလမ်းနှင့် မာန်ပြေ (၈) လမ်းထိပ်အရောက် မဲဆွယ်စည်းရုံးရာတွင် ပါရှိသည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့မှ ကွမ်းယာဝင်ဝယ်စဉ် ဇော်လတ် ရောက်ရှိလာပြီး ၎င်းအား ဦးစွာကွမ်းယာ ထုပ်ပေးရန် ပြောဆိုရာမှ ၎င်းတို့ စကားများကြကာ စတင်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုအောင်ကျော်ကျော်မှ သွားရောက်ဖြန်ဖြေ တားဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ တားဆီးစဉ် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်ထိုး၍ ခုံဖြင့်ရိုက်ရန်ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာတွင် ဇော်လတ်မှာ ငှက်ကြီးတောင်ဓါးအား ကိုင်ဆောင်၍ ၎င်းနှင့်အတူ ထက်ကို (ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့မှ တုတ်များ ကိုင်ဆောင်ကာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး ဆဲဆိုရန်မူ ခဲ့ကြသဖြင့် ၀င်ရောက် ဖြန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်သူ ဇော်လတ်၏ ဖခင်မှာ လက်ရှိ သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကွက်စည်းရုံးရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NLD ပါတီက အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ အောက်တိုဘာ ၃၀ ရက် ညပိုင်းက အရေးပေါ် ကြေညာချက တစ်စောင် ထုတ်ပြန်ခဲ့ရာ ၎င်းကြေညာချက်တွင် လာမည့်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များအား လူတစ်စုက အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးရှိ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် မည်သည့် တုံ့ပြန်မှုကိုမှ မပြုလုပ်ကြပါရန် အသိပေးကြောင်း ပါရှိသည်။
အောက်တိုဘာ ၂၉ ရက်က သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးအတွက် လှည့်လည် လှုပ်ရှားနေသော ဦးနိုင်ငံလင်းနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များအား လူတစ်စုက လက်နက်ဖြင့် လည်းကောင်း၊ လက်နက်မဲ့ဖြင့် လည်းကောင်း အကြိမ်ကြိမ် တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း၊ ထိုတိုက်ခိုက်မှုများကြောင့် ဦးနိုင်ငံလင်း အပါအ၀င် အဖွဲ့ချုပ် အဖွဲ့ဝင် ကိုကျော်သူနှင့် မသန္တာမော်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မသန္တာမော်မှာ ဆေးကုသမှုခံရပြီး မိမိနေအိမ်သို့ ပြန်သွားနိုင်ခဲ့သော်လည်း ဦးနိုင်ငံလင်းနှင့် ကိုကျော်သူတို့မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်လျက်ရှိကြောင်း အရေးပေါ် ကြေညာချက်တွင် ဖော်ပြထားသည်။
Writer:
ကြည်နိုင်
==========================
251/End