အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြကြောင်း၊ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များ ဖြစ်ရန် အစိုးရဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အ၀ရှိ ရန် အရေးကြီးကြောင်း သမ္မတဦးထင်ကျော်က ပြောကြားသည်။
အောက်တိုဘာ ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေးတွင် သမ္မတဦးထင်ကျော်က နိဂုံးချုပ် အမှာစကားပြော ကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မ ရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမှာစကားပြောကြားရာ၌ ဘတ်ဂျက်နှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင်ခဲ့ရခြင်းများကြောင့် အစိုးရ၏ ငွေလုံးငွေရင်းအသုံးစရိတ်များ အပြောင်းအလဲ ရှိနိုင်ခြင်းအပေါ် စောင့်ဆိုင်းသုံးစွဲရသည့်အတွက် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုအချို့ရှိခဲ့ကြောင်း၊ ယနေ့ ကမ္ဘာ့စီးပွားရေး အခြေအနေသည် တိုးတက်မှု နှေးကွေးနေသည့်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က တိုက်တွန်းထားသည်ကို တွေ့ရကြောင်း၊ ကမ္ဘာ့စီးပွားရေး နှေးကွေးမှု အကျိုးဆက်ကြောင့် ကုန်သွယ်မှုနယ်ပယ်တွင် တိုးတက်မှုများ နှေးကွေးလာသည်ကိုလည်း သိရကြောင်း၊ လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ မက်ခရိုစီးပွားရေး အခြေအနေအရ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) သည် ခန့်မှန်းထားသည်ထက် လျော့နည်းနိုင်ပြီး စီးပွားရေးတိုးတက်မှု နှုန်းသည်လည်း ခန့်မှန်းသည်ထက်လျော့ နည်းနိုင်သည်ကို တွေ့ရှိရပါကြောင်း ထည့်သွင်းပြောကြားသည်။
ထို့အတူ သမ္မတဦးထင်ကျော်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ငွေကြေးတန်ဖိုးများ အပေါ် ရိုက်ခတ်ခဲ့ရာတွင် မြန်မာနိုင်ငံသည်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ် မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ နှစ်အဆက်ဆက် ဘတ်ဂျက်လို ငွေပြမှုအပါအ၀င် ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ၀ယ်လိုအား၊ ရောင်းလိုအား အခြေအနေများအရ ငွေဖောင်းပွမှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်အနေဖြင့် ငွေရေးကြေးရေးနယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ရရှိရန်၊ နိုင်ငံပိုင်လုပ်ငန်းများ ပြန်လည်တည်ဆောက်ရန်၊ ပြောင်းလဲနိုင်ရန် ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးကျပ်တည်းနေသည့် ယခုအချိန်တွင် နိုင်ငံတော်၏ ဘဏ္ဍာငွေများကို သုံးစွဲရာတွင် စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြရန်၊ သုံးစွဲမှုများနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုမြှင့်တင်ပြီး စောင့်ကြည့်မှုခံယူနိုင်ရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းတင်ပြကြပြီး ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါကြောင်း၊ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန် အစိုးရဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အ၀ရှိရန် အရေးကြီးပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို ကိုင်တွယ်သုံးစွဲကြရာတွင် ပြည်သူ့အကျိုးအတွက် စနစ်တကျရှိကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် ဘဏ္ဍာရေးကော်မရှင်က ထောက်ခံတင်ပြခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိထိရောက်အောင် စီမံခန့်ခွဲသုံးစွဲကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၁၆ ရက်တွင်ပြန်စမည့် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများ၌ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအ၀င် ဒုတိယပုံမှန် အစည်းအဝေးအတွင်း ဆောင်ရွက်ရန်ကျန်ရှိခဲ့သည့် ဥပဒေ ကြမ်းများအား အဓိကဆွေးနွေး အတည်ပြုရန်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သတင်းရရှိသည်။
“ကျွန်တော်တို့ သေချာတာကတော့ လွှတ်တော်ပြန်ဖွင့်ရင် ပထမဆုံးလုပ်ရမှာက ဖြည့်စွက်ဘတ်ဂျက်ပေါ့။ နောက်ဆက်တွဲ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေဆိုတာပေါ့။ ဖြည့်စွက်ဘတ်ဂျက်လို့လည်း ခေါ်တာပေါ့။ ဒါကိုတော့ ကျွန်တော်တို့လုပ်ရမှာပေါ့။ အခု ကျွန်တော်သိရသလောက်တော့ ၀န်ကြီးဌာနတွေကတော့ ဒါကိုစုစည်းပြီးပြီ။ စီမံဘဏ္ဍာတော့ ပို့ပြီးပြီပေါ့။ စီမံ/ ဘဏ္ဍာက လုပ်ထုံး လုပ်နည်းအတိုင်း သူတို့ စိစစ်၊ စိစစ်ပြီးရင် ဘဏ္ဍာရေးကော်မရှင်ကို တင်မယ်။ အစိုးရအဖွဲ့က အတည်ပြုပြီးရင် ကျွန်တော်တို့ဆီကို တင်လာမှာပေါ့နော်။ အခုလာမယ့် ပြန်စပြီဆိုရင် ကျွန်တော်တို့က နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို အတည်ပြုဖို့ကတော့ ဒါလေး ကျွန်တော်တို့ လုပ်ဖို့ရှိမှာပါ။ လက်ရှိမှာတော့ ဥပဒေကြမ်းက လွှတ်တော်ကို မရောက်သေးပါဘူး။ လွှတ်တော်က ၁၆ ရက်မှာ ပြန်စမယ်။ အစိုးရအဖွဲ့ကလည်း ဥပဒေကြမ်းကိုပို့တာ ရက်သိပ်မကွာဘူးဆိုရင် ကော်မတီအစည်းအဝေးကို ကြိုမခေါ်တော့ဘူးလေ။ တကယ်လို့ လဆန်းပိုင်းမှာ ပို့မယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်ပတ်လောက်ကြိုခေါ်မှာပေါ့။ ဒါမျိုးစိတ်ကူးထား ပါတယ်။ ဒါတွေက ကြိုလေ့လာထားရတော့မယ်လေ။ ဥပဒေကြမ်းကလည်း သတ်မှတ်ကာလနဲ့ လုပ်ကြရတာကိုး” ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားထားသည်။
===================
251 / End
နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြကြောင်း၊ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်မျာ
၁ နိုဝင်ဘာ ၂၀၁၆ - ၁၉:၅၀
News ID: 789247
နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြကြောင်း၊ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များ ဖြစ်ရန် အစိုးရဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အ၀ရှိ ရန် အရေးကြီးကြောင်း သမ္မတဦးထင်ကျော်က ပြောကြားသည်။