အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အန်အယ်လ်ဒီအစိုးရအနေနဲ့ အကြီးစားရေအားလျှပ်စစ်စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်စီမံကိန်းတွေကို လုံးဝစွန့်လွှတ်လိုက်ဖို့ မြန်မာနိုင်ငံတဝန်းရှိ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀၀ ကျော်က ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ၂ ရက်တာ ဖိုရမ်ဆွေးနွေးပွဲအပြီး ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး ဒီစီမံကိန်းကြီးတွေကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်၊ တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှု၊ လူမှုဘ၀လုံခြုံမှုကို ကြီးမားစွာ ထိခိုက်နိုင်ပြီး ရာသီဥတုဖောက်ပြန်မှုကို ပိုမိုဆိုးဝါးလာစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီဖိုရမ်မှာ တက်ရာက်လာသူတွေထဲ ကျောက်မီးသွေးနဲ့ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ထိခိုက်ခံစားနေရသူတွေပါဝင်ပြီး တချို့ဆိုရင် မိမိကိုယ်ကို အဆုံးစီရင်သည်အထိ ဖြစ်ခဲ့တာမျိုးတွေရှိတယ်လို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့မှ စောသာဘိုက ပြောပါတယ်။
“ဒေသတိုင်း ကျောက်မီးသွေးကြောင့်သော်လည်းကောင်း၊ ရေကာတာကြောင့်သော်လည်းကောင်း တော်တော်လေးကို လူတွေက ဒုက္ခရောက်နေကြတယ်။ ပေါင်းလောင်းဒေသခံတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတဲ့လူတွေနဲ့ အမျိုးမျိုး ဒုက္ခရောက်နေကြတယ်။ ပေါင်းလောင်းဆိုရင် အစိုးရစီမံကိန်းတွေထဲမှာဆိုရင် အရမ်းကောင်းတဲ့ စံပြစီမံကိန်းလို့ ပြောလို့ရတယ်။ သို့သော်လည်း ဒေသခံတွေ အခုထိကို ပြန်လည်နေရာမရဘူး။ ဒုက္ခလည်း အရမ်းရောက်နေတယ်။ တချို့ကကျတော့ နေစရာလေးရပြီးတော့ စားစရာမရှိတော့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေတာ အယောက် ၂၀ ဝန်းကျင်မှာကိုရှိတယ်။ ကျောက်မီးသွေးဆိုရင်လည်း အနံ့ဆိုးတွေထွက်ပြီးမှ လူထုတွေလည်း တော်တော်လေး ဒုက္ခရောက်တဲ့ အနေအထားမျိုးတွေ့တယ်။”
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းအင်ဟာ အရေးပါတယ်လို့ ပြောဆိုနေပေမယ့် ကျောက်မီးသွေးနဲ့ ရေကာတာ စီမံကိန်းကိုသာ ဦးစားပေးတာကို တွေ့ရှိရတဲ့အတွက် ဒီမူဝါဒအမှားကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။
လောင်စာသုံးစီမံကိန်းတွေအစား ပြန်ပြည့်မြဲစွမ်းအင်ကို အဓိကထား အသုံးပြုဖို့နဲ့ မဟာဓာတ်အားလိုင်း တိုးချဲ့တာထက် ဒေသပိုင် တန်ဖိုးနည်း အသေးစားဓာတ်အားလိုင်းတွေ ဆောက်လုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။
“အသေးစား ရေအားလျှပ်စစ်တို့၊ နေအားလျှပ်စစ်တို့၊ ဒီရေနဲ့လည်တဲ့ လျှပ်စစ်စွမ်းအင်တွေကို သုံးစွဲနိုင်တယ်။ အဲလိုသုံးစွဲလို့ရှိရင် ကုန်ကျစရိတ်လည်း အရမ်းသက်သာတယ်။ ပြီးတော့မှ အချိန်တိုအတွင်း ဒေသခံတွေ အကုန်လုံးက ရရှိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ စွမ်းအင်ကဏ္ဍမှာ ကြည့်လိုက်ရင် လုပ်ပေးတာက ကမ္ဘာ့ဘဏ်တို့၊ အေဒီဘီ (အာရှဖွံ့ဖြိုးရေးဘဏ်) တို့က လုပ်ထားတယ်။ သို့သော်လည်း အဲဒီဟာက သူတို့ရဲ့အကျိုးအမြတ်အတွက် ငွေချေးချင်လို့ လုပ်တဲ့ပုံစံမျိုးဖြစ်တယ်။ အကုန်လုံးက အကြီးစားစီမံကိန်းတွေပဲ ဦးစားပေးနေကြတယ်။ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်ခွင့်တွေ၊ အကြံအဉာဏ် ပြောဆိုခွင့်တွေ၊ အကျိုးအမြတ်တွေအတွက် တခုမှမပါဘူး။ ဒေသခံတွေက ဆိုလာအရမ်းဈေးကြီးနေတဲ့အချိန်မှာ ဒေသမှာသုံးနေပြီ။ ရှမ်းပြည်မှာ လျှပ်စစ်မီးမရခင် ကိုယ်ထူကိုယ်ထနဲ့ လျှပ်စစ်မီးသေးသေးလေးတွေ လုပ်နေပြီ။ ဒီလိုအထားတွေကို အစိုးရအနေနဲ့ မူဝါဒတရပ် ချမှတ်ပြီးတော့ အားပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ အကျိုးလည်းရှိမယ်၊ ကုန်ကျစရိတ်လည်း သက်သာမယ်။ ဒေသခံတွေကလည်း ကြီးမားတဲ့ဆိုးကျိုးတွေ ဘာမှ မခံစားရတော့ဘူး။”
လက်ရှိ မြန်မာနိုင်ငံမှာ လျာထားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ တိုင်းရင်းသား လူနည်းစုတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာရှိနေပြီး အစိုးရအနေနဲ့ ပြည်တွင်းစစ် ရပ်တန့်လိုပါက ဒီ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေကို ဆိုင်းငံ့ထားသင့်တယ်လို့လည်း မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။
===================
251 / End
၁၄ ဒီဇင်ဘာ ၂၀၁၆ - ၁၉:၄၃
News ID: 798211
အန်အယ်လ်ဒီအစိုးရအနေနဲ့ အကြီးစားရေအားလျှပ်စစ်စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်စီမံကိန်းတွေကို လုံးဝစွန့်လွှတ်လိုက်ဖို့ မြန်မာနိုင်ငံတဝန်းရှိ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀၀ ကျော်က ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။