အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ။ ။ Eleven မီဒီယာ၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရအပေါ် တောင်းပန်မှုနှင့် ပတ်သက်ပြီး ယနေ့ရုံးထုတ်တွင် ဒေါက်တာသန်းထွဋ်အောင်က အချက်နှစ်ချက်ပြောခဲ့ပြီး ကျန်းမာရေးအခြေအနေချို့ယွင်းချက်နှင့် လက်ရှိအစိုးရကို ချစ်လို့တင်ထားခြင်းဟု ပြောဆိုလိုက်သည်။
"နံပါတ် ၁ က ကျွန်တော်ကျန်းမာရေးတော်တော်ချို့ယွင်းနေတယ်။ နံပါတ်နှစ်အချက်တော့ ဒီအစိုးရက ကျွန်တော်တို့ ချစ်လို့ ၊ ကျွန်တော်တို့ ကြိုက်လို့ တင်ထားတဲ့အစိုးရ ဖြစ်တယ်။ အဲ့ဒီနှစ်ချက်ကြောင့် ကျွန်တော်တောင်းပန်တာ " ဟု ဒေါက်တာသန်းထွဋ်အောင်က တာမွေမြို့နယ်တရားရုံးက အထွက်တွင် ပြောဆိုခဲ့ပြီး ၎င်း၏ကျန်းမာရေးအာမခံမှာ သုံးကြိမ်မြောက် ပယ်ချခံရသည်ဟု သိရသည်။
ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား တာမွေမြို့နယ် တရားရုံးတွင် ငါးကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယနေ့ရုံးထုတ် စစ်ဆေးရာတွင် အာမခံထပ်မံလျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဇန်န၀ါရီ ၆ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့သည်ဟု အမှု၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုခဲ့သည်။
"ဒီနေ့အာမခံလျှောက်တယ်၊ ထပ်အပယ်ခံရတယ် ၊ ကျန်းမာရေးအခြေအနေက လမ်းမှာလည်းပဲ Heart attack ဖြစ်လာတယ်။ ဒီမှာလည်း မထိုင်နိုင်ဘူး၊ တုံးလုံးလှဲနေရတယ်။ မြောက်ဥက္ကလာ ဆေးရုကြီးကို ၀င်ပြခွင့်ပြုပါဆိုတော့ ဒီမှာပဲ ဆရာဝန်နဲ့ ပြလိုက်ပါဆိုလို့ အခု တရားရုံးမှာ ဆရာဝန်နဲ့ ပြနေတယ်" ဟု ဦးကြီးမြင့်က ပြောသည်။ ယနေ့ရုံးထုတ်တွင်လည်း Eleven CEO မှ နှလုံးမှ Internal Pain (အတွင်းပိုင်းမှ နာကျင်မှု) တောက်လျှောက်ရနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ယနေ့ ရုံးထုတ်စစ်ဆေးရာတွင် တရားလိုဘက်သို့ စစ်ဆေးရမည့်နေ့ ဖြစ်ပေမယ့် တရားလိုက နေပြည်တော်တွင် အစည်းအဝေးရှိလို့ လာရောက်နိုင်ခြင်းမရှိကြောင်း တရားရုံးကို တင်ပြလာသည်ဟု ဦးကြီးမြင့်၏ ဖြေကြားချက်အရသိရသည်။
နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ဝေခဲ့သည့် Daily Eleven သတင်းစာ၌ “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သော အယ်ဒီတာ့အာဘော်တွင် ကိုးကားဖော်ပြခဲ့သည့် အချက်အလက်အချို့သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်ပတ်သက်ပြီး လွဲမှားသည့်အချက်အလက်များဖြစ်နေသည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်း ဒီဇင်ဘာ ၂၇ရက်ထုတ် The Daily Eleven သတင်းစာနှင့် နိုင်ငံပိုင်သတင်းစာ The Global News Light of Myanmar တွင် ထည့်သွင်း ဖော်ပြထားသည်။
===================
251 / End
၂ ဇန်နဝါရီ ၂၀၁၇ - ၁၈:၀၆
News ID: 802333
ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ။ ။ Eleven မီဒီယာ၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရအပေါ် တောင်းပန်မှုနှင့် ပတ်သက်ပြီး ယနေ့ရုံးထုတ်တွင် ဒေါက်တာသန်းထွဋ်အောင်က အချက်နှစ်ချက်ပြောခဲ့ပြီး ကျန်းမာရေးအခြေအနေချို့ယွင်းချက်နှင့် လက်ရှိအစိုးရကို ချစ်လို့တင်ထားခြင်းဟု ပြောဆိုလိုက်သည်။