၂၅ ဇန်နဝါရီ ၂၀၁၇ - ၁၉:၅၆
YBS ဘတ်စ်ကား ညဘက်ပြေးဆွဲပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား

အများပြည်သူတွေ ရန်ကုန်မြို့တွင်း ခရီးသွားလာရေးအဆင်ပြေစေဖို့ ဇန်န၀ါရီ ၂၅ ရက် စပြီး ညဘက်ပြေးဆွဲမယ့် ဘတ်စ်ကားတွေ စီစဉ်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အများပြည်သူတွေ ရန်ကုန်မြို့တွင်း ခရီးသွားလာရေးအဆင်ပြေစေဖို့ ဇန်န၀ါရီ ၂၅ ရက် စပြီး  ညဘက်ပြေးဆွဲမယ့် ဘတ်စ်ကားတွေ စီစဉ်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မှာ YBS ကားတွေပြေးဆွဲနေတာ  သီတင်းတပတ်ကျော်လောက်ကြာတဲ့အထိ ခရီးသည်တွေအတွက် သွားလာရေးခက်ခဲနေတဲ့အခြေအနေတွေ ဖြစ်ပေါ်နေသေးတာကြောင့်  ညဘက်ပြေးဆွဲဖို့ ကားတွေ စီစဉ်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က မီဒီယာတွေကို ပြောကြားခဲ့တာပါ။

ဒီလိုပြေးဆွဲနိုင်ဖို့အတွက် အားလုံးရဲ့ အကြံပြုချက်တွေကို ယူပြီး ရလဒ်ကောင်းတွေ ဖြစ်လာအောင် လုပ်ဆောင်ပေးသွားမယ်၊ ဒီ့အတွက်လည်း ညပိုင်းပြေးဆွဲတဲ့ ကားတွေကို  လုံလုံလောက်လောက် စီစဉ်ပေးသွားမယ်လို့လည်း  ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ဒီကားတွေကို ဆူးလေ၊ သခင်မြပန်းခြံနဲ့ သမိုင်းလမ်းဆုံစတဲ့ နေရာတွေမှာ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

YBS ကားတွေအနေနဲ့ မှတ်တိုင်မှာ အချိန်ကြာကြာရပ်နားနေတာမျိုး မဖြစ်အောင်လည်း ကားတွေအားလုံးမှာ GPS  စနစ်တပ်ဆင်ပြီး ပြည်သူ့ရင်ပြင်ထဲက Bus Operater  Team ကနေ  ထိန်းချုပ်သွားဖို့ အစီအစဉ်ရှိနေပါတယ်။

အများပိုင်စနစ်နဲ့ ပြေးဆွဲနေတဲ့ စီမံကိန်း ၃ လပြည့်ရင် YBS ကားအသစ်တွေကို ကျပ်၆၀ ဘီလီယံဖိုးဝယ်ယူမယ့်အပြင်  ရန်ကုန်မြို့နေ ခရီးသွားပြည်သူတွေ သွားလာရေးအဆင်ပြေအောင် မြို့ပတ်ရထားတွေကို ထပ်မံတိုးချဲ့ပြေးဆွဲတာနဲ့   ရေကြောင်းလမ်းတွေမှာလည်း Water Taxi တွေကို ပြေးဆွဲနိုင်အောင် စီစဉ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်ကစပြီး မထသ စနစ်ကနေ အများပိုင်ယာဉ်လိုင်း YBS စနစ်သစ်နဲ့  ဘတ်စ်ကားလိုင်းတွေပြောင်းလဲပြေးဆွဲတာ ၁၀ ရက်ရှိခဲ့ပေမယ့် ခရီးသွားတွေအတွက် အဆင်မပြေတာတွေကို ဖြည့်ဆည်း မပေးနိုင်သေးပါဘူး။

ခရီးသွားတွေအနေနဲ့ လိုရာခရီးမရောက်ဘဲ ဘတ်စ်ကားအဆင့်ဆင့်ပြောင်းစီးနေရတာ၊ ယာဉ်စီးခတွေ အမျိုးမျိုးကောက်နေတာ၊ ကားတွေမလာတာ၊ အထူးသဖြင့် ရုံးတက်ရုံး ဆင်းချိန်တွေမှာဆိုရင် ကားတိုင်းလိုလိုကျပ်နေတာကို နေ့စဉ်ကြုံတွေ့အခက်အခဲ ဖြစ်နေတယ်လို့ ဘစ်ကားစီး ခရီးသည်တွေက ပြောပါတယ်။

မြို့ထဲပတ်ပြီး ပြေးဆွဲတဲ့ကားတွေမှာ လူတက်မရအောင် ကျပ်နေတာမျိုးကို ဖြေရှင်းပေးဖို့ လိုတယ်လို့ ခရီးသွားတွေက ပြောပါတယ်။ညဘက်ဆိုရင် မြို့ပြင်ဘက်ပြေးဆွဲတဲ့ ကားတွေ မရှိတော့ပဲ သွားလာရ ခက်ခဲနေတယ်လို့ ဘတ်စ်ကားစီးခရီးသည်တဦးဖြစ်တဲ့ ကိုစောထွန်းဦးကပြောပါတယ်။

ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုက တာဝန်ရှိသူတစ်ယောက်ကတော့ ကားလိုအပ်ချက်က အဓိက အရေးကြီး ပြဿနာလို့ ပြောပါတယ်။

ဘတ်စ်ကား စနစ်သစ် စတင်ပြောင်းလဲတဲ့ရက်တွေမှာ စေတနာရှင်တွေက အခမဲ့ကားတွေ ကူညီပြေးဆွဲပေးခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ အခမဲ့ကားတွေ မရှိတော့တဲ့အတွက် ခရီးသွားတွေ အခက်အခဲတွေ အများကြီး ကြုံနေရတာပါ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရကတော့ မတ်လအတွင်းမှာ ဘတ်စ်ကားအစီးရေ ၁၀၀၀ ထပ်မံ တိုးချဲ့ တင်သွင်းသွားမယ်လို့  ယာဉ်လိုင်းကုမ္ပဏီတွေကို ပြောထားပါတယ်။ ရန်ကုန်မှာ နေ့စဉ်ဘတ်စ်ကားစီး ခရီးသည် အရေအတွက် ဦးရေ ၂သန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

===================  
251 / End