အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ မတ် ၁၀ ။ ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကင်းဆေးရုံ၌ နှလုံးခွဲစိတ်ကုသမှု ခံယူပြီးနောက် လက်ရှိအချိန်တွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။
"ကောင်းမွန်နေပါပြီ။ စကားတွေလည်းပြောနေပါပြီ။ အစားတွေလည်း နည်းနည်းစားနေပါပြီ။ အခုလောလောဆယ် ဆေးရုံမှာပဲ ရှိနေပါသေးတယ်။ ဆရာဝန်ကြီးများက ခွင့်ပြုမှ ဆင်းရမှာကြောင့် ဘယ်နေ့ဆင်းရမယ်ဆိုတာတော့ မသိသေးပါဘူး" ဟု ဦးမောင်မောင်က ဆိုသည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ က ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံကြီး နှလုံးနှင့် သွေးကြောခွဲစိတ်ကုသဌာနတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခွဲစိတ်ကုသမှုသည် ခြောက်နာရီကြာမြင့်ခဲ့ပြီး ဗြိတိန်နိုင်ငံမှ ပါမောက္ခအောင်ရဲဦး ဦးဆောင်သော မြန်မာခွဲစိတ်ဆရာဝန်များ အဖွဲ့က အောင်မြင်စွာ ခွဲစိတ်ကုသခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
လက်ရှိအချိန်တွင် ကျန်းမာရေးအနေအထားအရ ခွင့်ယူထားသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ တာဝန်များကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ခေတ္တတာဝန်ယူထားသည်။
===================
251/End
၁၀ မတ် ၂၀၁၇ - ၁၄:၄၉
News ID: 816852