အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းမိုင်၊ ဧပြီ ၅ ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် လုပ်ငန်းဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (CT)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၅ ရက် မွန်းလွဲပိုင်းက စတင်တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်သည်။
ထိုအစည်းအဝေးတွင် ပြီးခဲ့သည့် ၂၀၁၆ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မိုင်ဂျာယန်မှ ချမှတ်ထားသော ပင်လုံကစာတမ်း၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့် နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ မူဘောင်တို့နှင့် ပတ်သက်၍ အကောင်အထည်ဖော်မှုများကို ပြန်လည် ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်သည်။
“မိုင်ဂျာယန် နောက်ဆက်တွဲပေါ့ တချို့က decision လုပ်ရတော့မှာကိုး။ အဲဒီမှာ DPN နဲ့CT ပြင်ဆင်ထားတဲ့ နှစ်ဖက် ဆွေးနွေးမှုတွေကို ပြန်ပြီးတော့ချုပ်ပြီး ဆက်ဆွေးနွေးမယ်။ ရှေ့ဆက်သွားမဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ နှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွားခြင်း၊ အဓိကတော့ ပင်လုံစာတမ်းကိစ္စ၊ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ မူဝါဒများ၊ ရှေ့ဆက်သွားမဲ့ နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ မူဘောင် ဒါတွေပါဘဲ”ဟု CT အဖွဲ့ဝင် ဦးဆန်နီက ပြောသည်။
၎င်းအစည်းအဝေးကို ဧပြီလ ၆ ရက်ထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး သူတို့၏ ဆွေးနွေးမှုများကို နောက်ရက်တွင်ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးတွင် ပြန်လည် တင်ပြသွားမည် ဖြစ်ကြောင်း ဦးဆန်နီက ပြောသည်။
ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များနှင့် NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသားခေါင်းဆောင်များ ပူးပေါင်း၍ ထိပ်သီးအစည်းအဝေး ကျင်းပမည် ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)မှ ဖွဲ့စည်းထားသော DPN နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ လုပ်ငန်းဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (CT)တို့ ၈ ဦးဆီက ဆွေးနွေးနေခြင်း ဖြစ်သည်။
===================
251/End
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးတွင် တင်ပြမည့်အချက်များကို DPN နှင့် CT တို့ ဆွေးနွေး
၅ ဧပြီ ၂၀၁၇ - ၁၉:၁၃
News ID: 822124
ချင်းမိုင်၊ ဧပြီ ၅ ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် လုပ်ငန်းဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (CT)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၅ ရက် မွန်းလွဲပိုင်းက စတင်တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်သည်။