အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဧပြီ ၁၉ ။ ။ တပ်မတော်နှင့်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးအောင်စိုးက မဇ္ဈိမသို့ ပြောသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်အဖွဲ့(KIA)၊ တအောင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့ (AA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ လာမည့် ၁၀ ရက်အတွင်း တွေ့ဆုံရန်သေချာနေပြီး အသေးစိတ်ကိုတော့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“တွေ့နိုင်အောင် ကြိုးစားနေပါတယ်။ လမကုန်ခင်တော့ တွေ့နိုင်လိမ့်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
မြောက်ပိုင်းမဟာမိတ်ဘက်မှ ကချင်အဖွဲ့ (KIA) ၊ တအောင်း/ပလောင်အဖွဲ့ (TNLA) ၊ ရခိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) ၄ ဖွဲ့အပြင် ‘ဝ’ နှင့် တရုတ်ကိုယ်စားလှယ်များပါဝင်မှသာ တွေ့ဆုံမည်ဟု အတိအလင်း ပြောကြားထားသည်။
“ညှိနှိုင်းနေဆဲပဲခင်ဗျ။ ကျွန်တော်တို့က ဘယ်လိုနည်းနဲ့ပဲတွေ့ရတွေ့ရ သူတို့လက်ခံနိုင်တဲ့ပုံစံ ကျွန်တော်တို့လက်ခံနိုင်တဲ့ပုံစံ အောင်မြင်မှုရနိုင်တဲ့ နည်းလမ်းနဲ့တွေ့ရမှာပေါ့ဗျာ” ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးအောင်စိုးကပြောဆိုသည်။
တွေ့ဆုံမည့်နေရာကိုလည်း မြောက်ပိုင်းမဟာမိတ်ဘက်မှ သတ်မှတ်သည့်နေရာကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ လာရောက်တွေ့ဆုံရန်အသင့်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ မြောက်ပိုင်းအဖွဲ့များသည် ဧပြီလ ၁၅ရက်မှစတင်ကာ "ဝ"ပြည်နယ် ပန်ခမ်းတွင် ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) ၊ ရှမ်းတပ်-ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) နှင့် ကချင်လွတ်မြောက်ရးတပ်(KIA) တို့ ၇ဖွဲ့ပါဝင်သည့် ကိုယ်စားပြုကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
ဒီဇင်ဘာ ၁ရက်နေ့က တရုတ်နိုင်ငံကူမင်းမြို့တွင် တစ်ဖွဲ့ချင်းတွေဆုံဆွေးနွေးရန် ကော်မရှင်ဘက်မှ ကမ်းလှမ်းခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်ဘက်မှ အဖွဲ့အားလုံးပါမှတွေ့ဆုံမည်ဟု ဆိုသောကြောင့် ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သည်။
မြောက်ပိုင်းမဟာမိတ်တပ်ဘက်မှ တရုတ်အစိုးရကို သက်သေထားပြီး တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သင်္ကြန်မတိုင်မီ တွေ့ဆုံရန်အတွက် ဧပြီလဆန်းပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဆက်သွယ်ခဲ့သော်လည်း နှစ်ဖက်အကြားကိစ္စအချို့ရှိခဲ့သည့်အတွက် တွေ့ဆုံမှု အထမမြောက်ခဲ့ပေ။
၂၀၁၆ နှစ်ကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ထိတွေ့မှုအချို့ရှိနေသည်။
===================
251/End
၁၉ ဧပြီ ၂၀၁၇ - ၁၈:၁၈
News ID: 824825
ရန်ကုန်၊ ဧပြီ ၁၉ ။ ။ တပ်မတော်နှင့်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးအောင်စိုးက မဇ္ဈိမသို့ ပြောသည်။