အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)အကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ဂျူဒိုအဖွဲ့သည် ဂျပန်နိုင်ငံတွင် တစ်လခွဲကြာ သွားရောက်လေ့ကျင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရချင်း ချိတ်ဆက် ဆောင်ရွက်မှုအစီအစဉ် (G to G Plan)ဖြင့် မြန်မာ့လက်ရွေးစင်ဂျူဒို အဖွဲ့ကို ဂျပန်နိုင်ငံက လာရောက် လေ့ကျင့်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ် သည်။ အုပ်ချုပ်သူ သုံးဦး၊ ကစားသမား ခုနစ်ဦးပါဝင်သည့် မြန်မာ့လက်ရွေးစင်ဂျူဒိုအဖွဲ့သည် လာမည့်ဇွန်လလယ်က စတင်၍ ဂျပန်နိုင်ငံတွင် ၄၅ ရက်ကြာ ပူးတွဲလေ့ကျင့်မည်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က ပြောသည်။
‘‘ဂျူဒိုက ဆုတံဆိပ်ရလေ့ရှိ တဲ့ အားကစားနည်းတစ်ခု ဖြစ် တယ်။ ကစားသမားတွေကလည်း အတွေ့အကြုံရှိ ကစားသမားတွေ ဖြစ်တာကြောင့် လာမယ့်ဆီးဂိမ်း မှာ ဆုတံဆိပ်မှန်းနိုင်အောင် ဂျူဒို အားကစားထွန်းကားတဲ့ ဂျပန်နိုင်ငံကို လေ့ကျင့်ဖို့ စေလွှတ်တာဖြစ်ပါ တယ်’’ဟု ဦးသက်လွင်က ပြော သည်။ မြန်မာဂျူဒိုအားကစားအဖွဲ့ သည် ပြီးခဲ့သည့် ၂၀၁၅ စင်ကာပူ ဆီးဂိမ်းတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေ တံဆိပ်သုံးခုနှင့် ကြေးတံဆိပ်ငါးခု ရရှိခဲ့သည်။
လက်ရှိတွင် ဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် အားကစားနည်း ၁၅ မျိုးမှ မြန်မာအားကစားသမား ၂၆၄ ဦးသည် တရုတ်နိုင်ငံတွင် ပူး တွဲလေ့ကျင့်လျက်ရှိသည်။ အစိုးရ ချင်း ချိတ်ဆက်ဆောင်ရွက်မှုအစီ အစဉ် (G to G Plan) ဖြင့် တရုတ် နိုင်ငံ၌ ပူးတွဲလေ့ကျင့်နေသည့် အားကစားနည်းများမှာ ရေကူး၊ ကြက်တောင်၊ ဘိုးလင်း၊ လက်ဝှေ့၊ ကျွမ်းဘား၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဓားခုတ်၊ အလေးမ၊ ဝူရှူး၊ ပြေးခုန်ပစ်၊ ဂျူဒိုနှင့် စက်ဘီးအားကစားနည်းများ ဖြစ်ကြသည်။
အားကစားနည်း ၃၈ မျိုးပါဝင်မည့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံ၌ သြဂုတ် ၁၉ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့က အားကစားနည်း ၃၂ မျိုးဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
===================
251/End
၂၄ မေ ၂၀၁၇ - ၁၆:၃၅
News ID: 831688
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)အကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ဂျူဒိုအဖွဲ့သည် ဂျပန်နိုင်ငံတွင် တစ်လခွဲကြာ သွားရောက်လေ့ကျင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။