အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုအဖြစ် စုဖွဲ့ထားသည့် UNFC သည် စတင်ဖွဲ့စည်းပြီး ခြောက်နှစ်အကျော်တွင်တော့ အ ကွဲအပြဲများဖြစ်ပေါ်ခဲ့သည်။
UNFC သည် ယခင်သမ္မတဦးသိန်းစိန်လက်ထက်ကစ၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် အဓိကအတိုက်အခံ ဆွေးနွေးဖက်အဖြစ် ရပ်တည်နေသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ပေါင်းစုဖြစ်သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် UNFC ခေါင်းဆောင်အပြောင်းအလဲနှင့် အဖွဲ့ဝင်အကွဲအပြဲဇာတ်လမ်းများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အလှည့်အပြောင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကို အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရည်ရွယ်ချက်ဖြင့် ၂၀၁၁ ဖေဖော်ဝါရီက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အခြေစိုက်၍ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စတင်ဖွဲ့စည်းစဉ်က အစဉ်အလာကြီးမားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့အပြင် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) စသည့်အဖွဲ့ ၁၂ ဖွဲ့ပါဝင်ခဲ့သည်။ UNFC ကိုစတင်ဖွဲ့စည်းချိန်ကစ၍ အဖွဲ့ဝင်များမနုတ်ထွက်မီအထိ KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
သို့ရာတွင် ၂၀၁၄ ၌ UNFC အဖွဲ့ဝင်အဖြစ်မှ KNU က ၎င်းတို့သဘောဖြင့် ရပ်ဆိုင်းလိုက်ခြင်းက တိုင်းရင်းသားတပ်ပေါင်းစု၏ အက်ကြောင်းအစပြုခဲ့သည်ဟု လေ့လာသူများကသုံးသပ်သည်။ UNFC အဖွဲ့၏ခေါင်းဆောင်ပိုင်း ရွေးချယ်မှုဆိုင်ရာများပါဝင်သော ဖွဲ့စည်းပုံအပေါ်သဘောထားကွဲလွဲခဲ့ခြင်းကြောင့် KNU က နုတ်ထွတ်ခဲ့ခြင်းဖြစ်သည်။
KNU နုတ်ထွက်အပြီးရက်ပိုင်းအတွင်း UNFC ခေါင်းဆောင်ပိုင်းကိုပြန်လည်ရွေးချယ်ရာ ဗိုလ်ချုပ်ကြီးအင်ဘန်လပင်ဥက္ကဋ္ဌတာဝန် ရယူခဲ့သည်။
ထို့အပြင်၂၀၁၅ အောက်တိုဘာတွင် NCA လက်မှတ်ရေးထိုးရာ၌ ပါဝင်ခဲ့သည့် PNLO နှင့် CNF အဖွဲ့များကိုလည်း အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းသည်ဟူသော အသုံးအနှုန်းဖြင့် UNFC က ထုတ်ပယ်ခဲ့ပြန်သည်။ တိုင်းရင်း သားတပ်ပေါင်းစုအကွဲအပြဲသည် ထိုမျှနှင့်တင်ရပ်တန့်မနေခဲ့ပါ။
၂၀၁၆ မေလတွင်စစ်ရေး၊ နိုင်ငံရေးအခြေအနေကြောင့်ဟုဆိုကာ TNLA နှင့် MNDAA အဖွဲ့များက နုတ်ထွက်ခွင့်တောင်းခဲ့ပြီး ၂၀၁၇ ဧပြီလကုန်နှင့်မေလဆန်းတွင် KIO နှင့် WNO အဖွဲ့များက UNFC မှနုတ်ထွက်ခွင့်တောင်းဆို ခဲ့သည်။
WNO က ‘ဝ’လက်နက်ကိုင် အဖွဲ့ (UWSA) နှင့်ပေါင်းစည်းရေး ဆောင်ရွက်ရန်ဟုအကြောင်းပြပြီး KIO က UWSA ခေါင်းဆောင်သည့် မြောက်ပိုင်းအင်အားစုနှင့်ပူးပေါင်းရန်ဟု ဆိုသည်။
ယင်း အခြေအနေများကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြွေးကြော်ခဲ့သည့် UNFC သည်ဖွဲ့စည်းပြီးခြောက် နှစ်ကျော်အကြာ ၂၀၁၇ ဇွန်လတွင်တော့ အဖွဲကဝင်ငါးဖွဲ့သာ ကျန်ရှိတော့သည်။
ဒုတိယအကြိမ် UNFC ညီလာခံကို ချင်းမိုင်မြို့တွင် ၁၀ရက်ကြာ ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-NMG)
ဆယ်ရက်ကြာ UNFC ဒုတိယအကြိမ်ညီလာခံ
နုတ်ထွက်ခွင့် တောင်းထားသည့်အဖွဲ့များအပါအဝင် အဖွဲ့ဝင်သစ်ဆိုင်ရာကိစ္စများနှင့် ခေါင်းဆောင်ပိုင်းပြန်လည်ရွေးချယ်မည့် UNFC ဒုတိယအကြိမ်ညီလာခံကို ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်သူများက စိတ်ဝင်တစားစောင့်ကြည့်ခဲ့သည်။
UNFC ညီလာခံကို ၂ နှစ်တစ်ကြိမ် ကျင်းပရန်သတ်မှတ်ခဲ့သော်လည်း နိုင်ငံရေး၊ စစ်ရေးအခြေအaနများကြောင့်ဟုဆိုကာ သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်ခဲ့ပေ။
၂၀၁၄ နှစ်ကုန်က ကျင်းပခဲ့သည့် ပထမအကြိမ်ညီလာခံအပြီး သုံးနှစ်ခန့်အကြာတွင် UNFC ဒုတိယအကြိမ်ညီလာခံကို ထိုင်းနိုင်ငံချင်းမိုင်တွင် အပိုင်းနှစ်ပိုင်းခွဲ၍ ဆယ်ရက်ကြာကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
ပထမပိုင်း အစီအစဉ်တွင် နုတ်ထွက်ခွင့်တောင်းသည့် KIO၊ TNLA၊ MNDAA နှင့် WNO စသည့် အဖွဲ့လေးဖွဲ့ကို နုတ်ထွက်ခွင့်ပေးခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သောညီလာခံ ဒုတိယပိုင်းတွင်မူ NCA လက်မှတ်ထိုးအဖွဲ့များ၊ ပြည်တွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့များမှ ကိုယ်စားလှယ်များတက် ရောက်ခဲ့သည်။
UNFC ဥက္ကဋ္ဌတာဝန်ယူထားသည့် KIO ထိပ်ပိုင်းခေါင်းဆောင်ကနုတ်ထွက်ရခြင်းအကြောင်းကို ယခုကဲ့သို့ပြောသည်။
‘‘ဒေသန္တရခြေအနေရော အစိုးရတပ်မတော်တို့ရဲ့ ဖိအားခွဲခြား အုပ်ချုပ်မှုအောက်မှာ မဖြစ်မနေ ကျွန်တော်တို့မြောက်ပိုင်းအဖွဲ့ဝင်တွေဟာ တစုတစည်းတည်းဖြစ်ဖို့ အခြေအနေရောက်လာပါတယ်။ ဒါကြောင့်မို့လို့ UNFC အဖွဲ့ ကနေ နုတ်ထွက်ရခြင်းလည်း ဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုသည်။
တစ်ဖက်တွင်လည်း NCA လက်မှတ်ထိုးပြီးဖြစ်သည့် CNF အပါအဝင်ကချင်အမျိုးသားအစည်း အရုံး (KNO)၊ ကူကီးအမျိုးသား အစည်းအရုံး (KNO) နှင့် ဇိုမီးပြန်လည်ပေါင်းစည်းရေး အစည်းအရုံး (ZRO) တို့က UNFC အဖွဲ့ဝင် ဖြစ်ရေး လျှောက်ထားခဲ့ပြီး စောဆန်းအောင်ဦးစီးသည့် DKBA ခွဲထွက်အဖွဲ့က ဆက်စပ်မဟာမိတ်အဖွဲ့အဖြစ် လျှောက်ထားရာညီလာခံတွင် ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ပေ။
ZRO နှင့် KNO (ကူကီး) အဖွဲ့တို့မှာ UNFC ၏ မူဝါဒနှင့် သဟဇာတမဖြစ်၍ လက်မခံခြင်းဖြစ်ကာ KNO (ကချင်)အဖွဲ့ကိုလည်း လတ်တလောလက်ခံခြင်းမပြု သေးကြောင်းနှင့် CNF ကို အဖွဲ့ ဝင်အဖြစ် ပြန်လည်လက်ခံရန် ထောက်ခံမှုများရှိသော်လည်း နောက်ဆက်တွဲအကျိုးဆက်များကို ထည့်သွင်းစဉ်းစား၍ လတ်တလောဆုံးဖြတ်ခြင်းမရှိဟု UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ရှင်းပြသည်။
ညီလာခံတွင် ခေါင်းဆောင်ပိုင်းပြန်လည်ရွေးချယ်ရာ NCA လမ်းကြောင်းအရအစိုးရနှင့် ဆက်လက်ဆွေးနွေးမည်ဟု ကြွေးကြော်ထားသည့် NMSP မှ နိုင်ဟံသာက ဥက္ကဋ္ဌဖြစ်လာသည်။ ANC မှ ဒေါက်တာခင်မောင်က ဒုဥက္ကဋ္ဌနှင့် KNPP မှ ခူဦးရယ်က အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုလည်း ကိုးဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ခေါင်းဆောင်သစ်ကိုကြိုဆိုနေသော စိန်ခေါ်မှုများ
လက်ရှိ UNFC ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ကြည့်ပါက NMSP၊ KNPP တို့ကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ LDU နှင့် ANC တို့ကိုမူ ယခင်အစိုးရလက်ထက်က အသိအမှတ်မပြုပေ။
NMSP၊ SSPP ထိပ်ပိုင်းတာဝန်ရှိသူများက NCA ကို လက်မှတ်ရေးထိုးမည်ဟု ထုတ်ဖော်ထားသည်။
သို့သော် UNFC တွင် အဖွဲ့ဝင်အဖြစ် ကျန်ရှိနေသော SSPP အနေဖြင့် NCA မရေးထိုးဘဲ နိုင်ငံရေး ဆွေးနွေးမည်ဆိုသည့် UWSA ဦးဆောင်သည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ ပြည်ထောင် စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီတွင် ပါဝင်နေပြန်သည်။
နိုင်ငံရေးအကဲခတ်များက UNFC အနေဖြင့် အဖွဲ့ဝင်အင်အားလျော့နည်းခြင်း၏ နောက်ဆက်တွဲအဖြစ် နိုင်ငံရေးအရ သြဇာကျဆင်းနိုင်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်လာနိုင်ခြင်းတို့သည် အဓိကစိန်ခေါ်မှုအဖြစ် ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်သည်။
အစည်းအဝေးကျင်းပခြင်း၊ ခရီးသွားလာရေးဆိုင်ရာများတွင် အသုံးပြုခြင်းအပါအဝင် UNFC ၏ ဘဏ္ဍာရေးဆိုင်ရာကို အဖွဲ့ဝင်အဖွဲ့အစည်းများ၏ ထည့်ဝင်ငွေအပါအဝင် ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းအချို့၏ ထောက်ပံ့မှုဖြင့် အသုံးပြုနေသည်ဟု သုံးသပ်သည်။ အဖွဲ့ဝင်များ၏ထည့်ဝင်ငွေဆိုရာ၌ KIO က အဓိကဟုလည်းဆိုသည်။
‘‘တချို့လည်း KIO ကပေးနေတယ်လို့ ပြောတာရှိတယ်။ နောက်တစ်ခုက အဖွဲ့ဝင်ဖြစ်တဲ့အတွက် အဖွဲ့ဝင်ကြေးတွေ ထည့်ရတာတွေရှိမှာပေါ့။ ဂျပန်ကလည်း ဂျပန် INGO ကပေးတာရှိတယ်။ အမေရိကန်လည်း ပေးတယ်’’ဟု ငြိမ်းချမ်းရေးဆွေးနွေး ရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူတစ်ဦးက UNFC ရန်ပုံငွေနှင့်ပတ်သက်၍ ပြောသည်။
UNFC နှင့်နီးစပ်သူတစ်ဦးက‘‘လောလောဆယ်တော့ ကျွန်တော်သိသလောက် အမေရိကန်တွေ အကူအညီပေးနေတယ်လို့ သိရတယ်။ ဂျပန်အစိုးရကတော့ သိပ်မပါတော့ဘူးလို့ သိရတယ်။ ဂျပန် NGO တွေတော့ မသိဘူး။ USAID မှာ ကမ်းလက်ဆိုတဲ့ ပရို ဂရမ်ရှိတယ်။ အဲဒီပရိုဂရမ်ကို အကောင်အထည်ဖော်နေတာ DAI ဆိုတဲ့ အဖွဲ့က အကောင်အထည် ဖော်နေတယ်လို့ကြားတယ်။ ပေးတဲ့အခါ ငြိမ်းဖောင်ဒေးရှင်းကို ဖြတ်ပြီးပေးတယ်လို့ကြားတယ်’’ ဟု ဆိုသည်။
UNFC တာဝန်ရှိသူတစ်ဦးကမူ ဘဏ္ဍာရေးဆိုင်ရာများကို ပြောဆိုရန် ငြင်းဆိုခဲ့ပြီး ၎င်းတွင် ပြောခွင့်မရှိဟု ဆိုသည်။
ငြိမ်းဖောင်ဒေးရှင်းရုံးနှင့် ဖောင်ဒေးရှင်း လက်ထောက်ဒါ ရိုက်တာဒေါ်နန်ရော်ထံ မှတ်ချက် မေးမြန်းရန် ဆက်သွယ်ရာ၌ အဆက်အသွယ်မရပေ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် UNFC အခင်းအကျင်း
‘‘ကျွန်တော်တို့တိုင်းရင်းသား တွေ အားလုံးစုစုစည်းစည်းနဲ့ဆက်စပ်မှုရှိရှိနဲ့ကျွန်တော်တို့က ဆက်စပ်ပေါင်းစည်းနိုင်ဖို့ဆိုရာမှာ ကျွန်တော်တို့ UNFC က တော်တော်လေးအရေးကြီးပါတယ်။ အရေးကြီးတဲ့နေရာကို ရောက်နေပါ တယ်။ ဒီအင်အားစုနှစ်ခုကို ဆက် စပ်နိုင်ဖို့ဆိုတဲ့ဟာက UNFC အနေအထားအရ ဒါက အသင့်တော်ဆုံးနဲ့ အကိုက်ညီဆုံးလုပ်လည်း လုပ်နိုင်တဲ့အနေအထားရှိတယ်’’ ဟု နိုင်ဟံသာက အနာဂတ်တွင် UNFC ဆောင်ရွက်မည့် အခင်း အကျင်းကို ပြောဆိုခဲ့သည်။
အဖွဲ့ဝင် လျော့နည်းသွားသော်လည်း NCA ပြင်ပနိုင်ငံရေး ဆွေးနွေးမည်ဆိုသည့် မြောက်ပိုင်းအင်အားစုများနှင့် NCA ရေးထိုးထားသည့် အဖွဲ့များအကြား UNFC သည် အရေးပါဆဲဖြစ် ကြောင်း ဥက္ကဋ္ဌသစ်ဖြစ်သူက ဆို လိုခြင်းဖြစ်သည်။
တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် KIO၊ TNLA၊ MNDAA တို့ UNFC မှနုတ်ထွက် ပြီး ‘၀’လက်နက်ကိုင်အဖွဲ့ UWSA ဦးဆောင်မှုခံယူခြင်းက လက်နက်ကိုင်အဖွဲ့များအကြား မတူညီ အနေအထားဖြင့် အစုအဖွဲ့သုံးခု ပေါ်ပေါက်လာသည်။
NCA လက်မှတ်ထိုးထားသည့်အဖွဲ့ရှစ်ဖွဲ့၊ NCA မထိုးထားသည့်အဖွဲ့ (NCA လမ်းကြောင်း အတိုင်းဆောင်ရွက်မည်ဆိုသည့် UNFC အဖွဲ့များ)နှင့် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဆိုသော UWSA ဦးဆောင်သည့် မြောက် ပိုင်းအဖွဲ့များဟူ၍ ဖြစ်သည်။
အစိုးရနှင့် UNFC တို့အကြား ဆွေးနွေးနေဆဲ NCA ဆိုင်ရာ အဆိုပြုချက်များ သဘောတူညီမှုမရ နိုင်ဖြစ်နေသည့် အခြေအနေတွင် အခင်းအကျင်းအသစ်ပေါ်ပေါက်လာခြင်းဖြစ်သည်။
UNFC ကတော့ NCA လမ်းကြောင်းအတိုင်း အစိုးရနှင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့များနှင့် NCA အဖွဲ့များအကြား ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း ဆောင်ရွက်မည်ဟုဆိုသည်။
KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက လတ်တလောအချိန်တွင် UNFC ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး တိုင်းရင်းသားအဖွဲ့များအနေဖြင့် ပုံစံတစ်မျိုးစီဖြင့် ပူးပေါင်းဆောင်ရွက်မှုရှိနေမည်သာ ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
‘‘UNFC ကတော့ လောလောဆယ်တော့ ရှိတော့ရှိနေမှာပဲ။ တိုင်းရင်းသားတွေက တစ်မျိုးမဟုတ်တစ်မျိုးတော့ ပူးပေါင်းဆောင်ရွက်မှုတော့ရှိနေမှာပဲ’’ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
‘‘ကျွန်တော်တို့ KNU မှာ သ ဘောထားရှိထားပြီးသား။ တပ် ပေါင်းစုဖြစ်သည်ဖြစ်စေ၊ တပ် ပေါင်းစုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တူညီမှုရှိနေသရွေ့ ကတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုက တစ်နည်းမဟုတ်တစ်နည်းတော့ရှိရမှာပဲ။ ဆိုလိုတာက ကျွန်တော်တို့ တူတဲ့ဟာတွေ တွဲလုပ်မှာပဲ’’
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငါးဖွဲ့သာကျန်ရှိတော့သည့် UNFC နှင့် အစိုးရတို့သည် ဇူလိုင်အတွင်းတွေ့ဆုံ၍ NCA လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးရန် ပြင်ဆင်နေသည်။
UNFC က အဆိုပြုထားသည့် အချက်ကိုးချက်ကို ဆက်လက်ဆွေးနွေးရန် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) ကိုလည်း အဖွဲ့ဝင်ကိုးဦးဖြင့် ဇူလိုင် ၃ ရက်၌ အသစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။
အင်အား လျော့နည်းခြင်းကြောင့် နိုင်ငံရေးသြဇာကျဆင်းလာနိုင်ကြောင်း သုံးသပ်နေသည့် UNFC နှင့် အစိုးရဆွေးနွေးပွဲများမှာ မည်သည့်ရလဒ်ထွက်ပေါ်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
=====================
251/ End
၅ ဇူလိုင် ၂၀၁၇ - ၁၇:၄၅
News ID: 840637
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုအဖြစ် စုဖွဲ့ထားသည့် UNFC သည် စတင်ဖွဲ့စည်းပြီး ခြောက်နှစ်အကျော်တွင်တော့ အ ကွဲအပြဲများဖြစ်ပေါ်ခဲ့သည်။ UNFC သည် ယခင်သမ္မတဦးသိန်းစိန်လက်ထက်ကစ၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် အဓိကအတိုက်အခံ ဆွေးနွေးဖက်အဖြစ် ရပ်တည်နေသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ပေါင်းစုဖြစ်သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် UNFC ခေါင်းဆောင်အပြောင်းအလဲနှင့် အဖွဲ့ဝင်အကွဲအပြဲဇာတ်လမ်းများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အလှည့်အပြောင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။