၃၀ မေ ၂၀၁၉ - ၁၈:၄၄
ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဦးဝီရသူရှိသည့် နေရာကို အမာခံလူယုံများပင်မသိရတော့

မန္တလေးတိုင်းရဲတပ်ဖွဲ့ထံ ဖမ်းဝရမ်းရောက်ပြီးနောက်ပိုင်း ဆရာတော်ဦးဝီရသူ ရန်ကုန်ရောက်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မည်သည့်နေရာတွင်ရှိနေသည်ကိုမူ ဆရာတော်အားဝန်းရံသည့် အမာခံလူယုံများပင် မသိရှိကြောင်း ယင်းတို့က မီဒီယာများအား အတည်ပြုပြောကြားလိုက်သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးတိုင်းရဲတပ်ဖွဲ့ထံ ဖမ်းဝရမ်းရောက်ပြီးနောက်ပိုင်း ဆရာတော်ဦးဝီရသူ ရန်ကုန်ရောက်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မည်သည့်နေရာတွင်ရှိနေသည်ကိုမူ ဆရာတော်အားဝန်းရံသည့် အမာခံလူယုံများပင် မသိရှိကြောင်း ယင်းတို့က မီဒီယာများအား အတည်ပြုပြောကြားလိုက်သည်။

“ဦးဇင်းတို့နဲ့ အဆက်အသွယ်မရှိပါဘူး၊ ဦးဇင်းတို့က ဆရာတော်ရဲ့ အမျိုးသားရေးယုံကြည်ချက် အပေါ် အားပေးထောက်ခံတဲ့သူတွေဖြစ်တဲ့အတွက် ဆရာတော်ကို နိုင်ငံတော်သံဃာမဟာနာယက ဆင့်ခေါ်စာနဲ့ ချိန်းထားတဲ့အတွက် ဆရာတော်ကြွလာမလားလို့ ၀န်းရံဖို့အတွက်လာတာဖြစ်ပါတယ်”ဟု မျိုးချစ်မြန်မာရဟန်းတော်များသမ္မဂ္ဂမှ ဦးတေဇ၀န္တက မိန့်သည်။

မျိုးချစ်မြန်မာရဟန်းတော်များသမ္မဂ္ဂအဖွဲ့သည် ၉ ၆၉ လှုပ်ရှားမှုများ၊ တပ်မတော်ထောက်ခံရေးအခမ်းအနားများ၊ ဦးဝီရသူ၏ အစွန်းရောက် ဘာသာရေးလှုပ်ရှားမှုများအပေါ် အစဉ်တစိုက် ထောက်ခံအားပေးလာသည့် အဖွဲ့ဖြစ်ပြီး အဖွဲ့၏ အတွင်းရေးမှူး ဦးသုစိတ္တအပါအ၀င် အခြား ခေါင်းဆောင်အချို့မှာလည်းဖမ်းဝရမ်းအထုတ်ခံထားရသည့် အမျိုးသားအရေးအစွန်းရောက် ရဟန်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

“မြန်မာနိုင်ငံအတွက် မြန်မာပြည်သူပြည်သားတွေအတွက် သူ (ဦးဝီရသူက)ပြောသင့်ပြောထိုက်တာတွေကိုပြောတာဖြစ်ပါတယ်။ဒါကိုနိုင်ငံတော်ပုန်ကန်မှု တစ်သက်တစ်ကျွန်းချလို့ရတဲ့ပုဒ်မနဲ့စွဲတယ်ဆိုတာကတော့ လွန်တာပေါ့ မတရားဘူး၊..(ဆရာတော်နဲ့လည်း)လောလောဆယ် အဆက်အသွယ်မရှိသေးဘူး”ဟု ဆရာတော် ဦးဝီရသူ၏ အမာခံလူယုံတစ်ဦးဖြစ်သူ ဦးဝင်းကိုကိုလတ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့ပြုတ်ကျရေးအတွက် မန္တလေးမြို့နှင့်ရန်ကုန်မြို့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မိတ္ထီလာမြို့ မှ တောင်သာလေးဆရာတော် ဦးအဂ္ဂ အပါအ၀င် ထောင်ထွက်ရဟန်းအချို့နှင့် လူပုဂ္ဂိုလ် ၃၀၀ ၀န်းကျင်က ဦးဝီရသူအတွက် မေတ္တာပို့စီတန်းလှည့်လည်ပွဲတစ်ရပ်ကို ရွှေတိဂုံဘုရား တွင်ကျင်းပခဲ့သည်။

ခွင့်ပြုချက်တင်ခြင်းမရှိသည့် စီတန်းလှည့်လည်ပွဲတွင် ပြောရေးဆိုခွင့်ရှိသူအဖြစ် ကြေညာခဲ့သည့် အရှင်ဇနိတ(တိုက်ကြီးဆရာတော်)က ဦးဝီရသူ တရားရင်ဆိုင်မည်မဆိုင်မည်ကို မသိကြောင်းနှင့် ဦးဝီရသူရှိမည့်နေရာကို မေးမြန်းရာတွင်မှုဖြေကြားခြင်းမရှိပေ။

“သူ့ရဲ့အတွေးအခေါ်ပိုင်းနဲ့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းတော့ ဘုန်းဘုန်းတို့မသိဘူးပေါ့။ဘုန်းဘုန်းတို့ယုံကြည်ထားတာက ဆရာတော်ဦးဝီရသူသည် သူရဲဘောကြောင်တဲ့ဘုန်းကြီးမဟုတ်ဘူး။သူရဲကောင်းဆန်တဲ့ဘုန်းကြီး ဘယ်တော့မှလဲ ဒီကိစ္စတွေကို မျှတတယ်ထင်ရင် ရှောင်မှာလည်းမဟုတ်ဘူး၊ မျှတတယ်ထင်ရင် ရင်ဆိုင်မှာပဲ ။အဲတော့ ပုန်းတာတွေ ပြေးတာတွေကို ဦးဇင်းတို့မယုံကြည်ဘူး”ဟု အရှင်ဇနိတ(တိုက်ကြီးဆရာတော်)ကမိန့်သည်။

တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ဦးဝီရသူကို လူဝတ်လဲဖမ်းဆီးရန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံ မတ်လ ၂၉ ရက်နေ့က ဖမ်းဝရမ်းရောက်ရှိပြီးနောက် ဦးဝီရသူပုံမှန်သီတင်းသုံးသည့် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းတိုက်သို့ ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေသော်လည်း မတွေ့ရသဖြင့် ဖမ်းဝရမ်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ဟိန်းအောင်


=========================
251 / End