အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သြဂုတ် ၁၈ ရက် ညပိုင်းက COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိ၊ ပြည်ပသို့ ခရီးသွားရာဇဝင်မရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့သည်။
အဆိုပါပိုး တွေ့လူနာသည် CB ဘဏ်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ကျောက်ဖြူနှင့် ပုဏ္ဏားကျွန်းမြို့နယ်များသို့ သွားရောက်ခဲ့ဖူးသူလည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းစီးနင်းခဲ့သည့် လေယာဉ်ခရီးစဉ်နှစ်ခုတွင် လိုက်ပါခဲ့သူများကို ရှာဖွေခဲ့ပြီး ပိုးတွေ့လူနာနှင့် ထိတွေ့မှုများရှိခဲ့သည့် မိသားစုဝင်များ အပါအဝင် လူ ၁၉ ဦးနှင့် CB ဘဏ်ဝန်ထမ်းများကို Facility Quarantine ဖြင့်စောင့်ကြည့်ထားကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယင်းလူနာတွေ့ရှိခဲ့ပြီး နောက်ပိုင်းရက်များတွင် စစ်တွေမြို့နယ်၌ COVID-19 ရောဂါပိုးတွေ့လူနာများ နေ့စဉ်နီးပါး ထပ်မံတွေ့ရှိလာရာ ထိုအထဲတွင် ပြည်ပခရီးသွားရာဇဝင်အပြင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိသူများ၊ စစ်တွေမြို့တွင် အသွားအလာ ကန့်သတ်ထားပြီး အတည်ပြုလူနာများနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူများနှင့် ဆက်နွှယ်ခဲ့သူများလည်း ပါဝင်လာသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် သြဂုတ် ၂၂ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၆၅ ဦးရှိပြီး ယင်းတို့အနက် အများစုကို သြဂုတ် ၁၆ ရက်နောက်ပိုင်းတွင် ဆက်တိုက်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့များအနက် ပိုးတွေ့လူနာ အများဆုံးတွေ့ရှိခဲ့သည့်မြို့မှာ စစ်တွေမြို့ဖြစ်သည်။
***********************************
END / 251
ရခိုင်ပြည်နယ်ရှိ ဖွင့်လက်စ အခြေခံပညာအထက်ကျောင်းများ အကန့်အသတ်မရှိ ပိတ်သိမ်း
ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုး ဆက်တိုက်တွေ့လာပြီးနောက် ဖွင့်လက်စအခြေခံပညာ အထက်တန်းကျောင်းများကို အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။
သြဂုတ် ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွင် ဦးကိုလေးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကူးစက်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တစ်ပြည်နယ်လုံးပေါ့နော်။ အထက်တန်းကျောင်းတွေကို ခေတ္တ ယာယီပိတ်တယ်။ ဒီနေ့ကစပြီး။ ဖွင့်စရာ ကျန်တဲ့ကျောင်းတွေကိုလည်း ဖွင့်လှစ်ခွင့် ခေတ္တဆိုင်းထားမယ်” ဟု ဦးကိုလေးဝင်းက ဆိုသည်။
ကျောင်းများ ပြန်ဖွင့်နိုင်ခြင်း ရှိ မရှိမှာ ရောဂါထိန်းချုပ်နိုင်မှုပေါ် မူတည်သည်ဟု ဦးကိုလေးဝင်းက ဆက်လက်ပြောကြားသည်။
“ အခြေအနေပေါ်မှာ မူတည်ပြီး အရမ်းကြီး ကူးစက်မှုတွေအရမ်း များပြီးတော့ အရမ်းကြီးဖြစ်နေတယ် ဆိုရင်တော့ နည်းနည်းကြာမှာပေါ့နော်။ ဒါပေမဲ့ Control လုပ်နိုင်တယ်ဆိုရင် တစ်ပတ်နှစ်ပတ်အတွင်း လုပ်နိုင်တယ် ဆိုရင်တော့ ပြန်ဖွင့်ဖိုအနေအထားရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိကျောင်းများကို သြဂုတ် ၂၁ ရက်မှ စတင်ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ကျောင်းများ ခေတ္တယာယီ ပိတ်သိမ်းထားခြင်းနှင့်ပတ်သက်၍ အဆိုပါဒေသရှိ မိဘပြည်သူများအား သေချာနားလည်စွာရှင်းပြနိုင်ရန်နှင့် ကလေးများကို ရောဂါမကူးစက်ရန် ဒေသရှိပညာ ရေးဝန်ထမ်းများအား ညွှန်ကြားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဖြည့်စွက်ပြောကြားသည်။
၎င်းက “ ကျောင်းတွေမှာ အထူးသဖြင့်တော့ ကူးတာက ကျောင်းတွေက ကူးတာမဟုတ်ဘူးလေ။ လူထုအဖွဲ့အစည်းတွေကပဲ ကူးတာလေ။ ကျောင်းက ကလေးတွေကလည်း အဲဒီအဖွဲ့အစည်းမှာရှိတာလေ။ ကျောင်းကနေ ကူးစက်တာမျိုးဖြစ်ရင် ပိုပြီးတော့မှ အခြေအနေဆိုးနိုင်တယ်။ ဒါကြောင့် ကလေးတွေကို မကူးစက်ဖို့အတွက် ဘယ်လိုစဉ်းစားရမယ်ဆိုတာ ဒီညနေ ရခိုင်က ပြည်နယ်ပညာရေးမှူးတွေ၊ ခရိုင်ပညာရေးမှူးတွေ၊ တိုင်းပညာရေးမှူးတွေနဲ့ အွန်လိုင်းကတစ်ဆင့် တွေ့ဖို့ရှိပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ကျောင်းပေါင်း ငါးရာနီးပါးခန့်ရှိပြီး အထက်တန်းကျောင်းသား သုံးသောင်းခွဲကျော်ရှိသည်။
ညမထွက်ရ အမိန့်နှင့် Stay at Home ပြုလုပ်ထားသော စစ်တွေမြို့
COVID-19 ရောဂါပိုးတွေ့ရှိ မှုများ ဆက်တိုက်ဖြစ်ပွားလာပြီး နောက်ပိုင်းတွင် စစ်တွေမြို့၌ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ထိုအမိန့်ကို ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း သတ်မှတ်ထားရာ ယင်းအမိန့်မှာ နှစ်လအထိ အချိန်ကန့်သတ်ထားသည်ဟု သိရသည်။
အလားတူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် COVID-19 ပိုးတွေ့သူ ၂၅ ဦးအထိရှိလာပြီး စစ်တွေမြို့တစ်ခုလုံးကို Stay at Home ပြုလုပ်ထားကာ မလိုက်နာပါက ကူးစက်ရောဂါများ နှိမ်နင်းရေးဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူများ ဆက်တိုက်တွေ့ရှိလာခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် နေထိုင်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်မည်ဖြစ်ကြောင်း၊ ယင်းကြောင့် Stay at Home အစီအစဉ်ကို စတင်လိုက်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ နေထိုင်ရာတွင် စည်းကမ်းချက် ခြောက်ချက်ကို ချမှတ်ထားပြီး ယင်းစည်းကမ်းချက်များမှာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါဝင်ကြောင်း၊ မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ရန် ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ရန်၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန် စသည်တို့ဖြစ်သည်။
သတ်မှတ်ချက်များတွင် အကျုံးမဝင်သည့်သူများမှအပ အိမ်တွင် နေသူများအခြားအရေးပေါ်ကိစ္စ ရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပေးပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်၊ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်တွင်းမှလည်းကောင်း ဝင်ထွက်ခွင့်မပြုရန် ဝန်ကြီးဌာနက ရေးသားထားသည်။
အမိန့်ကို မလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး အမိန့်မှာ သြဂုတ် ၂၀ ရက် ည ၈ နာရီမှ စတင်ကာ သက်ရောက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရေးသားထားသည်။
မျိုးရိုးဗီဇပြောင်းလဲမှု၊ ပြည်တွင်းကူးစက်မှုနှင့် ဖြစ်လာနိုင်ဖွယ်ရှိနေသော COVID-19 ဒုတိယလှိုင်း
ပြည်ပမှပြန်လာသူများထံမှရသည့် COVID ဓာတ်ခွဲနမူနာများတွင် G614 ဗီဇ ပြောင်းလဲမှုကို တွေ့ရှိရပြီး ထိုကူးစက်မှုမြန်သည့် ပိုးအမျိုးအစားများမှ ပြည်တွင်းကူးစက်မှု ဖြစ်ပေါ်လာပါက ဒုတိယလှိုင်း ဖြစ်နိုင်ခြေရှိနေသည်ဟု ဆိုသည်။ ထိုတွေ့ရှိချက်ကို သြဂုတ် ၂၀ ရက်က ဆေးသုတေသနဦးစီးဌာန၌ ပြုလုပ်သည့် သွေးရည်ကြည်ဖြင့် COVID-19 လူနာများအား ကုသခြင်းကိစ္စ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပွဲအခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမြတ်ထွန်းညွန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပြည်တွင်းမှာ ကူးစက်မှုဖြစ်ပွားခဲ့တဲ့ အစပိုင်း ကျွန်တော်တို့ မတ်၊ ဧပြီလတွေမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးအစား ငါးခုမှာ တစ်ခုပဲ ဒီ G614 အမျိုးအစားကို တွေ့တယ်။ ဒါပေမဲ့နောက်ပိုင်းမှာ ယူခဲ့တဲ့ ဓာတ်ခွဲနမူနာတွေ ကျတော့ G614 တွေချည်းတွေ့တယ်။ အရင်တုန်းက ပြည်တွင်းကူးစက်မှုအနေနဲ့ ပြည်တွင်းမှာ ကူးစက်မှု ဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းလေး ထိန်းလိုက်နိုင်တယ်။ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်အောင် ထိန်းချုပ်နိုင်တယ်လို့ ယူဆရပါတယ်။ အခုလိုမျိုး အမျိုးအစားကလည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တော်တော်လေး ဖြစ်တာများလာပြီ။ ကျွန်တော်တို့ နိုင်ငံရဲ့ နောက်ပိုင်း ဓာတ်ခွဲနမူနာတွေမှာလည်း တွေ့လာတဲ့ အတွက်ကြောင့် အကယ်၍များ ပြည်တွင်းကို ဝင်ရောက်လာတဲ့ Case တွေကို အကြောင်းကြောင်းကြောင့် မထိန်းနိုင်ခဲ့ရင် COVID-19 ဒုတိယလှိုင်း ဖြစ်နိုင်ခြေက အတော်လေးကို ကြီးမားနေပါတယ်။ ဒီအချက်ကို ပြည်သူလူထုအနေနဲ့ အထူးသတိပြုဖို့ လိုပါတယ်” ဟု ဒေါက်တာမြတ်ထွန်းညွန့်က ဆိုသည်။
တစ်ကမ္ဘာလုံးတွင်လည်း D614 အမျိုးအစားမှ G614 အမျိုးအစားသို့ တဖြည်းဖြည်း ပြောင်းလဲနေပြီး ဥရောပ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် COVID-19 ရောဂါဖြစ်ပွားမှု စတင်တွေ့ရှိပြီး ဖေဖော်ဝါရီတွင် G614 အမျိုးအစားကို တွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် COVID-19 စတင်ဖြစ်ပွားမှုကို တွေ့ရှိပြီး ၂၀၂၀ ပြည့်နှစ် မေလနောက်ပိုင်း ရယူထားသည့် ဓာတ်ခွဲ နမူနာများတွင် G614 အမျိုးအစားကို တွေ့ရှိခြင်းဖြစ်သည်ဟု ဒေါက်တာမြတ်ထွန်းညွန့်က ဆိုသည်။
စစ်ဆေးတွေ့ရှိသော ပိုးတွေ့ဓာတ်ခွဲ နမူနာများထဲမှ ဗိုင်းရပ်စ်ပိုး အရေအတွက်များသည့် နမူနာများကို ရွေးချယ်ပြီး ထိုအထဲမှ ပြည်တွင်းကူးစက်မှု ဖြစ်ပေါ်ခဲ့သော လူနာများနှင့် နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများထံမှ ပိုးတွေ့ဓာတ်ခွဲနမူနာ ၁၀ ခုကို စိစစ်ကာ SARS-CoV-2 ၏ မျိုးဗီဇတစ်ခုလုံးကို အဆင့်မြင့် မျိုးဗီဇစစ်ဆေးစက် (Next Generation Sequencing) ဖြင့် လေ့လာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
SARS-CoV-2 ၏ မျိုးရိုးဗီဇတစ်ခုလုံးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည့်အလျောက် နိုင်ငံတကာ အသိအမှတ်ပြု (US NCB/NIH) database တွင် တင်သွင်းကာ စိစစ်မှုခံယူနိုင်ခဲ့သည်ဟုလည်း ဒေါက်တာ မြတ်ထွန်းညွန့်က ဆိုသည်။
ဆက်လက်ပြီး ဒေါက်တာ မြတ်ထွန်းညွန့်က “ နောက် မျိုးရိုးဗီဇ အနွယ်တွေကို လေ့လာတဲ့အခါမှာလည်းပဲ မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ အမျိုးအစားတွေက Genetic B အမျိုးအစားထဲမှာပါတာကို တွေ့ရပါတယ်။ အရှေ့ပိုင်းမှာ တွေ့ရှိတဲ့ အမျိုးအစားတွေက B6 အမျိုးအစားတွေက အာရှဒေသမှာပဲ ဖြစ်တာများတဲ့ စင်ကာပူတို့၊ အိန္ဒိယတို့မှာတွေ့တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ ဥရောပမျိုးနွယ်ဖြစ်တဲ့ B1.1 ကိုတော့ နှစ်ဦးတွေ့ပါတယ်။ အိန္ဒိယကလာတဲ့ မျိုးနွယ် B1.113 သုံးဦး၊ အိန္ဒိယနဲ့ လူဇင်ဘတ်မျိုးနွယ်တွင် B1.80 မှာ တစ်ဦး တွေ့ရပါတယ်။ ဒီလိုတွေ့ရတဲ့အတွက် ပြည်တွင်းကို ကူးစက်ဝင်ရောက်လာတဲ့နိုင်ငံ ဒေသတွေကို မော်လီကျူးနည်းပညာနဲ့ သက်သေပြနိုင်ခဲ့ပါတယ်” ဟု သုတေသနတွေ့ရှိချက်များကို ရှင်းပြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 လူနာများ၏ Virus နမူနာများကို လေ့လာကြည့်ရာတွင် ရာခိုင်နှုန်း ၃၀ သည် D614G ဇီဝမျိုးဗီဇပြောင်းလဲမှုကို တွေ့ရှိရပြီး ၎င်းသည် ယခင်ကထက် ကူးစက်နိုင်စွမ်း သိသာစွာ ပိုမိုမြန်ဆန်ပါကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများတွင်လည်း ဗိုင်းရပ်စ်ပိုး၏ ဇီဝမျိုးဗီဇ ပြောင်းလဲနိုင်သည့်အတွက် မိမိတို့သည် ကျောင်းသားများ စုစည်းရာကျောင်းများ၌ စည်းကမ်းလမ်းညွှန်ချက်များ လိုက်နာရန် အထူးဂရုစိုက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဆေးသုတေသနဦးစီးဌာနမှ ပညာရှင်များကို တာဝန်ပေး၍ COVID-19 ဗိုင်းရပ်စ်ပိုး မျိုးရိုးဗီဇခွဲခြမ်း စိတ်ဖြာမှု ပြုလုပ်ခဲ့ရာ ဓာတ်ခွဲ စစ်ဆေးသည့် နမူနာ ၁၀ ခုအနက် D614G ဗီဇပြောင်းလဲမှု ခြောက်ခုတွေ့ရှိရ ကြောင်းနှင့် ၎င်းတွေ့ရှိချက်အရ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် COVID-19 ဗိုင်းရပ်စ်ပိုးသည် ဒုတိယလှိုင်းအသွင် ဖြစ်ပွားရန် အလားအလာရှိသည့်အတွက် လုံးဝပေါ့ဆ၍ မရကြောင်းနှင့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ကူးစက်ပျံ့နှံ့မှု များပြားနေသည့်အချိန်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ၎င်းနိုင်ငံများနှင့် နီးစပ်သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကျောင်းများတွင် အထူးပိုမိုဂရုစိုက်ရန် လိုအပ်ကြောင်း သြဂုတ် ၂၀ ရက်က ပြုလုပ်သည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှု ကော်မတီအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။
လက်ရှိ စစ်တွေမြို့နယ်၌ ကူးစက်ဖြစ်ပွားနေသောဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်မည်ဖြစ်ကြောင်း သြဂုတ် ၂၂ ရက်က နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၁ ရက်အထိ ငါးရက်တာကာလအတွင်း ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦး တွေ့ရှိခဲ့ရကြောင်း၊ ထို့ပြင် ပြည်သူများအကြား၌ ရောဂါလက္ခဏာ မပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာ သေချာကြောင်းနှင့် ယခု စစ်တွေမြို့နယ်၌ ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်ပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အားလုံးနှင့်ပူးပေါင်း၍ စစ်တွေမြို့နယ်၌ COVID-19 ကူးစက်ဖြစ်ပွားနေမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်နှင့် အခြားဒေသများသို့ ပြန့်ပွားခြင်း မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူများအား အသိပေးအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
COVID-19 ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပန်ကြားချက်
COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူများသို့ ပန်ကြားချက်ကို သြဂုတ် ၁၈ ရက် ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပန်ကြားချက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၈ ရက် နံနက်ပိုင်း မြန်မာစံတော်ချိန် ၉ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ ကမ္ဘာတွင် COVID-19 ရောဂါဖြစ်ပွားသူ ၂၁ ဒသမ ၅ သန်းခန့်ရှိ၍ သေဆုံးသူ ၇ ဒသမ ၆ သိန်းကျော် ရှိနေပြီဖြစ်ကာ ဖြစ်ပွားသူနှင့် သေဆုံးသူ အရေအတွက်မှာ အချိန်နှင့်အမျှ တိုးတက်များပြားလျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသူ ၂ ဒသမ ၆သန်းခန့်နှင့်သေဆုံးသူ ၅၀၉၂၁ ဦးဖြင့် ကမ္ဘာတွင်ဖြစ်ပွားမှု တတိယအများဆုံးနိုင်ငံဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဖြစ်ပွားသူ ၂ ဒသမ ၇ သိန်းကျော်နှင့် သေဆုံးသူ ၃၆၅၇ ဦးရှိနေကြောင်းနှင့် အဆိုပါနိုင်ငံများတွင် ဖြစ်ပွားသေဆုံးသူဦးရေမှာ နေ့စဉ်ဆက်လက်မြင့်တက်နေသည်ကို တွေ့ရှိနေရကြောင်း သိရသည်။
မိမိတို့နိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားမှု ပထမလှိုင်း၏ အကျပိုင်းသို့ရောက်ရှိနေပြီး ပထမလှိုင်း မကြာမီပြီးဆုံးတော့မည်ဟု ဆိုနိုင်သည့်အခြေအနေဖြစ်ကြောင်း၊ သြဂုတ် ၁၈ ရက် နံနက်ပိုင်းအထိ ရောဂါဖြစ်ပွားသူ ၃၇၆ ဦးရှိကာ ၎င်းတို့အနက် ခြောက်ဦး သေဆုံးပြီး ရောဂါပိုးကင်းစင်သူ ၃၃၁ ဦး ရှိပြီဖြစ်ကြောင်း၊ ဇွန် ၁၈ ရက်မှစ၍ လက်ရှိအထိပိုးတွေ့ရှိသူ ၁၁၄ ဦးရှိသည့်အနက် နှစ်ဦးသာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ကျန် ၁၁၂ ဦး သည် ပြည်တွင်းကူးစက်မှုမဟုတ်ဘဲ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများတွင် ပိုးတွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ထိန်းချုပ်နိုင်ခဲ့ခြင်းမှာလည်း ပြည်သူသာလျှင် အဓိကဖြစ်သည့်အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်မှု၊ လိုက်နာခဲ့မှုကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
အထူးသတိပြုရမည့်အချက်မှာ မိမိတို့နိုင်ငံတွင် ရောဂါပိုး တွေ့ရှိရသူများအနက် ထက်ဝက်ကျော်ဖြစ်သည့် ၆၁ ရာခိုင်နှုန်းခန့်သည် အမြင်အားဖြင့် နေကောင်းကျန်းမာပြီး ရောဂါလက္ခဏာတစ်စုံတစ်ရာ ပြသခြင်း မရှိသူများဖြစ်ကြောင်း၊ အကယ်၍ ရပ်ကွက်ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိဘဲ COVID-19 ဗိုင်းရပ်စ်ပိုးရှိနေသောသူများရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ် ကူးစက်ပြန့်ပွား၍ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် အရှိန်အဟုန် မြင့်မားစွာဖြင့် ပေါ်ပေါက်လာနိုင်သည့် အလားအလာ များစွာရှိနေကြောင်းနှင့် ထိုကဲ့သို့ ရောဂါဒုတိယလှိုင်းအဖြစ် ရောဂါပြန်လည်ဖြစ်ပွားသေဆုံးနေမှုများကို အိမ်နီးချင်းနိုင်ငံအချို့နှင့် ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုခဲ့သော ကမ္ဘာ့နိုင်ငံကြီးအချို့တွင် တွေ့ရှိနေရပြီး ခက်ခဲစွာ ပြန်လည်ထိန်းချုပ်နေရသည်ကိုလည်း တွေ့ ရှိရကြောင်း သိရသည်။
COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရန် (က) တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ခြောက်ပေအကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြရန်၊ နိုင်ငံခြားမှ ပြန်ရောက်လာသူများအား အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ထားရှိစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါရန်၊ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများ တွေ့ရှိပါက မဖြစ်မနေသတင်းပို့ရန် အချက်များကို တိတိကျကျလိုက်နာပြီး ပြည်သူအားလုံး အတူတကွ ၀ိုင်းဝန်းကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။