အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုကျူးလွန်မှု ရှိ၊ မရှိ စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက် အချက်အလက်တွေကို ကုလမသဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေထံ ပေးအပ်ခဲ့တယ်လို့ Facebook က Reuters သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် အမုန်းစကားပြောမှု တားဆီးရေး ပေါ်လစီနဲ့ ၂၀၁၈ ခုနှစ်မှာ ဖျက်ချခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ပေ့ခ်ျတွေ၊ အကောင့်တွေက အချက်အလက်တွေကို Facebook က ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM)ကို ပေးခဲ့တာပါ။
“မြန်မာနိုင်ငံက နိုင်ငံတကာ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသမျှ သက်ဆိုင်တဲ့အချက်အလက်တွေ မျှဝခြေင်းအားဖြင့် ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို ခံထားရပါတယ်။
ရိုဟင်ဂျာတွေကို စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်တို့က ငြင်းဆိုပြီး ရဲစခန်းတွေကို ၀င်တိုက်တဲ့ စစ်သွေးကြွတွေကို ရှင်းလင်းတာသာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းဖို့အတွက် ကုလ လူ့အခွင့်အရေး ကောင်စီဟာ ၂၀၁၈ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကို ဖွဲ့စည်းခဲ့ပါတယ်။
ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပါအ၀င် အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေမှာ Facebook က နေတစ်ဆင့် ဖြန့်ဝတေဲ့ အမုန်းစကားတွေက အဓိကကျခဲ့တယ်လို့ အရင်က ပြောကြားခဲ့ဖူးပါတယ်။၂၀၁၈ ခုနှစ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပေ့ခ်ျအပါအ၀င် မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ အကောင့် ၁၈ ခုနဲ့ ပေ့ခ်ျ ၅၂ ခုကို Facebook က ဖျက်ချခဲ့ပါတယ်။
ဒီအကောင့်တွေ၊ ပေ့ခ်ျတွေက အချက်အလက်၊ ဆက်သွယ်ပြောဆိုမှုတွေကို စုံစမ်းစစ်ဆေးသူတွေထံ ပေးအပ်ရေး ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုမှုကို Facebook က အစောပိုင်းမှာ ပယ်ချခဲ့ဖူးပါတယ်။
IIMM အကြီးအကဲက Facebook ထံကနေ ပထမအသုတ်အဖြစ် အချက်အလက်တွေ ရရှိတယ်လို့ မနေ့က အတည်ပြုခဲ့ပါတယ်။
×××××××××××××××××××××××××××××××××××××××××××
END / 251