အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုအန္တရာယ်ကို စိုးရိမ်တာကြောင့် ဒီနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာနိုင်ငံ ဖြစ်ပါတယ်။ ခွဲတမ်းချစနစ်အရ အင်ဒိုနီးရှားနိုင်ငံက အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ ဟဂ်ျပြုခွင့်ရဖို့ အနည်းဆုံး နှစ် ၂၀ လောက် စောင့်ဆိုင်းရတာ ဖြစ်ပါတယ်။
မနှစ်ကလည်း ကိုဗစ်ကပ်ရောဂါကြောင့် အင်ဒိုနီးရှားဟာ နိုင်ငံသားတွေ ဟဂ်ျဘုရားဖူး စေလွှတ်မယ့်ကိစ္စကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီနှစ်နဲ့ဆို ဒီလို ဖျက်သိမ်းတာဟာ ၂ နှစ်မြောက် ရှိပါပြီ။
“ကပ်ရောဂါနဲ့ ဘုရားဖူးတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိစ္စတွေကြောင့် အင်ဒိုနီးရှားက ဟဂ်ျသွားမယ့်သူတွေကို ဒီနှစ်မှာလည်း သွားရောက်ခွင့်မပြုဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်” လို့ အင်ဒိုနီးရှား သာသနာရေးဝန်ကြီး ယာကွတ် ချိုလီ ကူမတ်စ်က ဒီကနေထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
ဆော်ဒီအာရေဗျကလည်း ဘယ်နိုင်ငံကိုမှ ဟဂ်ျအတွက် ဝင်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ကူမက်စ်က ပြောပါတယ်။
“အင်ဒိုနီးရှားတင်မဟုတ်ပါဘူး။ ဆော်ဒီအာရေဗျက နားလည်မှုစာချွန်လွှာကို လက်မှတ်မထိုးထားတဲ့အတွက် တစ်ခြားဘယ်နိုင်ငံမှလည်း ဟဂ်ျခွဲတမ်းရမှာ မဟုတ်ပါဘူး”
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာနဲ့ မဒီနာတို့က မြင့်မြတ်ရာနေရာတွေကို သွားရောက်ပြီး ဝတ်ပြုဆုတောင်းတာကို ဟဂ်ျပြုတယ်လို့ ခေါ်ဆိုတာပါ။ အရွယ်ရောက်ပြီး၊ ငွေကြေးတတ်နိုင်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာ တစ်ကြိမ် ဟဂ်ျပြုတာဟာ မလုပ်မနေရ ဘာသာရေးတာဝန် ဖြစ်ပါတယ်။ အခုနှစ် ဟဂ်ျဘုရားဖူးကာလဟာ ဇူလိုင်လမှာ ကျရောက်မှာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် ဟဂ်ျရာသီမှာ ဆော်ဒီအာရေဗျဟာ နိုင်ငံအတွင်းက လူ ၁ ထောင်လောက်ကိုသာ ကိုဗစ်စည်းကမ်းတွေ ထုတ်ပြီး ဟဂ်ျပြုခွင့် ပေးခဲ့ပါတယ်။ ဟဂ်ျကာလမှာ ပုံမှန် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်သန်းချီ လာရောက် ဟဂ်ျပြုကြတာ ဖြစ်ပါတယ်။
အခုနှစ်မှာလည်း ပုံပြောင်းကိုဗစ်ကူးစက်မှု ကမ္ဘာတစ်ဝှမ်းမှာ မြင့်တက်နေတာကြောင့် ဆော်ဒီအစိုးရဟာ နိုင်ငံအတွင်းက ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့သူတွေကိုသာ ဟဂ်ျပြုခွင့်ပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
*****************************************************************
END / 251
၃ ဇွန် ၂၀၂၁ - ၁၉:၁၃
News ID: 1147283
ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုအန္တရာယ်ကို စိုးရိမ်တာကြောင့် ဒီနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။