အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီအာရေးဘီးယားတွင် နိုင်ငံသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို မဲပေးခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်သည့် ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာန ရွေးကောက်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများ မဲရုံများသို့ ရောက်ရှိလာသည်။ အစ္စလာမ်ဘာသာရေးကို စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးပြီး အမျိုးသမီးများကို ကားမောင်းခွင့်မပေးသည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ရပ်တည်နေသည့် ဆော်ဒီသည် ယခုအခါ မူအားဖြင့် အမျိုးသမီးများကို ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများအဖြစ် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ကိုပါ လက်ခံခဲ့သည်။
ယခုနှစ် ဒေသဆိုင်ရာရွေးကောက်ပွဲများတွင် အမျိုးသား ၅၉၃၈ ဦးနှင့်အတူ အမျိုးသမီး ၉၇၈ ဦးက ပါဝင်ယှဉ်ပြိုင်ကြသည်။ သို့သော်လည်း မဲဆွယ်စည်းရုံးလှုပ်ရှားမှုများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် ပရိသတ်နှင့် တိုက်ရိုက်ထိတွေ့ခွင့်မရဘဲ အကာအရံနောက်မှသာ စကားပြောရန်သတ်မှတ်ထားသည်။ သို့မဟုတ်ပါက အခြားဆွေမျိုးသားချင်း အမျိုးသားတစ်ဦးက ကိုယ်စားစည်းရုံးပြောဆိုပေးနိုင်သည်။
ရွေးကောက်ပွဲ ကော်မရှင်အရာရှိများက ယခုနှစ်တွင် မဲပေးရန် အမျိုးသမီး ၁၃၀၀၀၀ ကျော် မှတ်ပုံတင်ခဲ့ကြောင်းဆိုသည်။ မဲပေးရန် မှတ်ပုံတင်သည့် အမျိုးသားအရေအတွက် ၁.၃၅ သန်းနှင့် ယှဉ်လျှင်မူ အမျိုးသမီးမဲဆန္ဒရှင် ဦးရေမှာ သိသိသာသာ လျော့နည်းနေဆဲ ဖြစ်သည်။
မဲပေးရန် ပထမဆုံးမှတ်ပုံတင်သည့် အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ဆယ်လ်မာအယ်လ်ရာရှက်ဒ်က “ကျွန်မ တော်တော်လေး ကျေနပ်နေမိတယ်။ ပြောင်းလဲမှုဆိုတာက အဓိပ္ပါယ်ကျယ်ဝန်းလွန်းတဲ့ စကားစုပါ။ ဒါပေမဲ့ အခုရွေးကောက်ပွဲမှာ အမျိုးသမီးတွေ မဲပေးခွင့်ရလာခြင်းက ကျွန်မတို့ အမှန်တကယ်အပြောင်းအလဲကို လိုက်ပါနေတယ်ဆိုတာ ထင်ရှားစေပါတယ်”ဟု ပြောကြားခဲ့သည်။
ဘုရင်စနစ်ဖြင့် အုပ်ချုပ်သည့် ဆော်ဒီတွင် ရွေးကောက်ပွဲများ ကျင်းပမှုသည် ရှားပါးသည့်အခြေအနေ တစ်ရပ်ဖြစ်သည်။ သမိုင်းတလျှောက်တွင် ယခုတစ်ကြိမ်အပါအဝင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍအတွက် ရွေးကောက်ပွဲ ကျင်းပမှု ၃ ကြိမ်သာ ရှိခဲ့ဖူးသည်။ ၁၉၆၅ နှင့် ၂၀၀၅ ခုနှစ်များတွင် ရွေးကောက်ပွဲများ ကျင်းပဖူးပြီး ကြားကာလ နှစ်ပေါင်း ၄၀ လုံးလုံး ရွေးကောက်ပွဲ လုံးဝမရှိခဲ့ဟုလည်း သိရှိရသည်။
ဆော်ဒီရွေးကောက်ပွဲတွင် အမျိုးသမီးများ မဲပေးခွင့်ကို ကွယ်လွန်သူ ဘုရင်အက်ဘ်ဒူလာက ၎င်း၏ ကောင်းမွေတစ်ရပ်အနေဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးများ မဲပေးခွင့်အတွက် အသိအမှတ်ပြုကြောင်း ကြေညာရာတွင် အက်ဘ်ဒူလာက ဆော်ဒီအမျိုးသမီးများအနေဖြင့် လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ ဆန္ဒကိုဖော်ထုတ်ရန်နှင့် ပြုပြင်ပြောင်းလဲမှုများတွင်ပါဝင်ရန် အခွင့်အရေး ရှိသင့်သည်ဟု ပြောကြားခဲ့သည်။
Ref: Al Jazeera
==========================
251/ End