အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီအာရေးဘီးယားရှိ ဘာသာရေး အထွဋ်အမြတ် နေရာတစ်ခုတွင် အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
မီဒီနာမြို့ရှိ အစ္စလာမ် ဘာသာရေး၏ အရေးအပါဆုံး အထွဋ်အမြတ် နေရာတစ်ခုဖြစ်သော တမန်တော် ဗလီကြီး၏ ရှေ့မှောက်တွင် ဗုံးသမားက ရပ်တန့်ပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ဦးသေဆုံးပြီး နောက်ထပ် လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာသည်။
ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ဗလီကြီး ရှေ့မှောက်၌ ယခုဗုံးကွဲမှု ဖြစ်ခဲ့သလို ထိုနေ့အစောပိုင်းတွင် ဆော်ဒီ၏ အခြားမြို့နှစ်ခုတွင်လည်း အသေခံ ဗုံးခွဲမှုများ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ၂၄ နာရီအတွင်း ဆော်ဒီ၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှု သုံးကြိမ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများအတွက် မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့ လက်ချက်အဖြစ် မကြေညာခဲ့ချေ။
တမန်တော် ဗလီကြီးသည် တမန်တော် မိုဟာမက်၏ ရုပ်အလောင်းကို မြှုပ်နှံထားသည့် နေရာဖြစ်ပြီး မီဒီနာသည်လည်း အစ္စလာမ် ဘာသာရေးတွင် မက္ကာမြို့အပြီး ဒုတိယ အရေးအပါဆုံး မြို့ဖြစ်သည်။ ရာဒါမန် ကာလအတွင်း မီဒီနာတွင် ကမ္ဘာအရပ်ရပ်မှ အစ္စလာမ် ဘာသာဝင်များစွာ ဝတ်ပြုခရီးစဉ်အဖြစ် စုရုံးရောက်ရှိနေစဉ် ယခုလို အသေခံ ဗုံးခွဲမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခုတိုက်ခိုက်မှု၏ လက်သည်မှာ အိုင်အက်စ် စစ်သွေးကြွများ ဖြစ်နိုင်သော်လည်း အတိအကျ အတည်မပြုနိုင်သေးချေ။
ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဆော်ဒီအရှေ့ပိုင်း ကွာတစ်ဖ်မြို့တွင် ရှီးဟိုက် မွတ်ဆလင်များ ဝတ်ပြုသည့် ဗလီတစ်ခုကို ဦးတည်သည့် အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း အခြားသူများ အဖိတ်အစင် မရှိခဲ့ချေ။ ထို့အပြင် ဂျာဒါးမြို့ရှိ အမေရိကန် ကောင်စစ်ဝန် ရုံးအနီးတွင်လည်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လုံခြုံရေးဝန်ထမ်း နှစ်ဦး အနည်းငယ် ထိခိုက် ဒဏ်ရာရခဲ့သည်။
===================
251 / End