၂၂ ဒီဇင်ဘာ ၂၀၂၀ - ၂၀:၁၆
ပါလက်စတိုင်းအရေးမဖြေရှင်းနိုင်သရွေ့ အစ္စရေးကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း ပါကစ္စတန် က ယူအေအီး ကိုပြောကြား

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ မဖြေရှင်းနိုင်သရွေ့ အစ္စလာမ်မာဘတ်က အစ္စရေးကိုအသိအမှတ်ပြုသွားမှာမဟုတ်ကြောင်း ပါကစ္စတန်က ယူအေအီးကိုရှင်းရှင်းလင်းလင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ မဖြေရှင်းနိုင်သရွေ့ အစ္စလာမ်မာဘတ်က အစ္စရေးကိုအသိအမှတ်ပြုသွားမှာမဟုတ်ကြောင်း ပါကစ္စတန်က ယူအေအီးကိုရှင်းရှင်းလင်းလင်း ပြောကြား ခဲ့ပါတယ်။


“ပါလက်စတိုင်းအရေးအပြီးတိုင်ဖြေရှင်းပြေလည်မှုမရခင်ထိ အစ္စရေးနဲ့ကျွန်တော်တို့ ဆက်ဆံရေးထူထောင်နိုင်မှာမဟုတ်ဘူးဆိုတာ အစ္စရေးနဲ့ပတ်သက်ပြီး ပါကစ္စတန် ရဲ့ရပ်တည်ချက်ကို ယူအေအီးနိုင်ငံခြားရေးဝန်ကြီးကို ရှင်းရှင်းလင်းလင်းအသိပေးခဲ့ပါတယ်” လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားဟ်မာဟ်မွတ်ကူရိုင်ရှီက တနင်္လာနေ့ ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။


ကူရိုင်ရှီယူအေအီးခရီးစဉ်သွားရောက်ခဲ့ပြီးနောက် အစ္စလာမ်မာဘတ်ဟာ အစ္စရေးဆီစေတမန်တစ်ဦး လျှို့ဝှက်ပို့လိုက်တယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်လာချိန်မှာ ရက်ပိုင်းအတွင်းသူ့ရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အစ္စရေးမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေတဲ့ ဒီသတင်းတွေ ကို အစ္စလာမ်မာဘတ်က ငြင်းဆန်ခဲ့ပါတယ်။

အစ္စရေးကိုအသိအမှတ်ပြုသွားဖို့ ဆော်ဒီ ယူအေအီးနဲ့ တစ်ခြားပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကိုတုံ့ပြန်ရင်း ကူရိုင်ရှီက ပါလက်စတိုင်းနဲ့ ကက်ရှ်မီးယားအရေးအပေါ် ပါကစ္စတန်နိုင်ငံသားတွေရဲ့ နက်ရှိုင်းတဲ့ခံစားချက်တွေကို ယူအေအီးနိုင်ငံခြားရေးဝန်ကြီးကို ရှင်းပြခဲ့ကြောင်း သူကဆိုပါတယ်။


“ယူအေအီးနိုင်ငံခြားရေးဝန်ကြီးက ဒီအရေးကိစ္စနှစ်ခုပေါ်မှာ ကျွန်တော်တို့ရဲ့ခံစားချက်တွေကို အပြည့်အဝနားလည်ခဲ့ပါတယ်”လို့ သူကအခိုင်အမာပြောကြားခဲ့ပါတယ်။ အစ္စရေးကိုအသိအမှတ်ပြုသွားဖို့ အစ္စလာမ်မာဘတ်အပေါ် ဖိအားပေးမှုတွေရှိတဲ့ဆိုတဲ့သတင်းတွေကို သူကငြင်းဆန်ပယ်ချခဲ့ပြီး “နံပါတ်တစ်အနေနဲ့ ကျွန်တော်တို့ အပေါ်ဘာဖိအားပေးမှုမှမရှိပါဘူး။

နံပါတ်နှစ်အနေနဲ့ ဘယ်လိုဖိအားပေးမှုကြောင့်မှမဟုတ်ပဲ ပါကစ္စတန်ရဲ့အကျိုးစီးပွားအပေါ်မှာပဲ ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချမှတ်ရမှာပါ ကျွန်တော်တို့မှာပေါ်လစီရှိပါတယ် ဒီအပေါ်မှာကျွန်တော်တို့အခိုင်အမာရပ်တည်နေဆဲဖြစ်ပါတယ်” လို့သူကပြောကြားခဲ့ပါတယ်။


အစ္စရေးကိုအသိအမှတ်ပြုဖို့ အစ္စလာမ်မာဘတ်ဟာ မိတ်ဆွေနိုင်ငံတစ်ချို့ရဲ့ဖိအားပေးမှုတွေအောက် ရောက်နေကြောင်းပါကစ္စတန်ဝန်ကြီးချုပ်အင်မရန်ခန်းက ပြီးခဲ့တဲ့ လတုန်းကပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတွေရဲ့အမည်တွေကိုထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ပါကစ္စတန်ခေါင်းဆောင်က ဆော်ဒီနဲ့ယူအေအီးကို ရည်ညွှန်းတာဖြစ်နိုင်ကြောင်း အများ အပြားကယုံကြည်နေကြပါတယ်။ ယူအေအီး ဘာရိန်းနဲ့ မော်ရိုကိုတို့ဟာ မကြာသေးမီတုန်းကမှ အစ္စရေးနဲ့သံတမန်ရေးကော  စီးပွားရေးဆက်ဆံရေးပါ ထူထောင်ခဲ့ တာဖြစ်ပါတယ်။


Al Jazeera သတင်းဌာနပါ “Pakistan to UAE: Can’t recognise Israel until Palestine resolved” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************

END / 251