အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် စည်းလုံးညီညွတ်ရေးအပတ် အခါသမယတွင် တမန်တော်မြတ် မိုဟမ္မဒ် မွတ်စ်သဖွာ (ဆွ) နှင့် အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အ.စ)တို့၏ မွေးနေ့မြတ်မင်္ဂလာများအတွက် ဂုဏ်ပြုစကား မိန့်ကြားခဲ့ပါတယ်။
၎င်းက အစ္စလာမ်ဘာသာ၏ မကောင်းကြံသူများနှင့် ရန်သူများ၏ အစီအစဉ်မှာ အစ္စလာမ်မစ် အွန်မ္မသ် (အစ္စလာမ်ဘာသာဝင်များ၏ အသိုက်အဝန်း) ကို အားနည်းစေရန်နှင့် ၎င်းအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ရန် သဘောထားကွဲလွဲမှုများကို အလေးပေးဖော်ပြခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ထို့အပြင် အမေရိကန်၏ ရာဇဝတ်မှုများနှင့် ပြည့်နေသော မျက်နှာမှ လှည့်စားဖုံးကွယ်ထားသည့် မျက်နှာဖုံးများ ကျွတ်ကျလာခြင်းကို ရည်ညွှန်းကာ အစ္စလာမ်မစ်အွန်မ္မသ်၏ စည်းလုံးညီညွတ်မှု၊ ကာဖိရ် များ ကို ရင်ဆိုင်ရာတွင် အချင်းချင်းကာကွယ်ပေးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊နာမ်ပိုင်း ရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းအားဖြည့်ဆောင်ရွက်ခြင်းတို့သည် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးမိန့် ကြားခဲ့ပါတယ်။
အစ္စလာမ်မစ်နိုင်ငံများ၏ အုပ်ချုပ်သူများအား ရည်ညွှန်း၍ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က “ အမေရိကန်၏ ရာဇဝတ်ကျူးလွန်သော အုပ်ချုပ်သူများနှင့် အတုအယောင် ဇီယွန်ဝါဒီစနစ်တို့သည် အစ္စလာမ်မစ်စည်းလုံးညီညွတ်ရေးနှင့် အနောက်အာရှ၊ မြောက်အာဖရိက အပါအဝင် အစ္စလာမ်ဘာသာဝင်အားလုံး၏ ကျိန်စာသင့်ရန်သူများ ဖြစ်ကြကြောင်း ထို့ကြောင့် မိမိတို့၏ အမှန်တကယ်ရန်သူကို သိရှိပြီး ၎င်းတို့၏ အစီအစဉ်ကို ရင်ဆိုင်တားဆီးကြမည် ဖြစ်ကြောင်း အလေးပေးမိန့် ကြားခဲ့ပါတယ်။
ထို့အပြင် အီရန်နိုင်ငံတွင် အစ္စလာမ်မစ်ကျောင်းတော်၏ စည်းလုံးညီညွတ်ရေးကို အလေးပေးသည့် သင်ခန်းစာများ အတော်အတန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းကို ရည်ညွှန်းကာ ပြည်သူတစ်ရပ်လုံးအနေဖြင့် မိမိတို့အချင်းချင်းကြား မည်သည့်သဘောထားကွဲလွဲမှုမျှ ပေါ်ပေါက်ခွင့်ကို မည်သည့်အခြေအနေတွင်မျှ မပြုကြရန် ထပ်မံတိုက်တွန်းခဲ့ပါတယ်။ အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်၏ သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်း မိန့်ကြား ခဲ့ပါတယ်။
ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်
مُحمّدٌ رَسولُ الله وَالّذینَ مَعَهُ اَشِّداءُ عَلی الکُفّارِ رُحَماءُ بَیْنَهُم
“မိုဟမ္မဒ်(ဆွ) သည် အလ္လာဟ်၏ တမန်တော်မြတ် ဖြစ်ပါသည်။ ထိုတမန်တော်မြတ် နှင့်အတူရှိသူတို့သည် ကာဖိရ်များအပေါ် ပြင်းထန်ကြပြီး အချင်းချင်းအပေါ်မူကား သနားကြင်နာကြသည်။”
အလ္လာဟ်အရှင်မြတ်၏ ရွေးချယ်တော်မူခြင်းခံရသူ၊ ဖန်ဆင်းခံအားလုံးအနက် အမြင့်မြတ်ဆုံးဖြစ်တော်မူသူ၊ အလင်းရောင်ထွန်းလင်းစေသူ၊ ကမ္ဘာအပေါင်းတို့အတွက် ကရုဏာတော်ရှင်ဖြစ်တော်မူသော အစ္စလာမ်၏ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် ၎င်း၏ သန့်ရှင်းမြင့်မြတ်သော သားတော်၊ အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံသော သက်သေတော်၊ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့မြတ်အခါသမယကို ဂုဏ်ပြုပါသည်။ အီရန်နိုင်ငံ၏ ဂုဏ်သိက္ခာရှိသော ပြည်သူများနှင့် အစ္စလာမ်၏ ကြီးမြတ်သော အွန်မ္မသ် တစ်ရပ်လုံးအား မင်္ဂလာရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
တမန်တော်မြတ်(ဆွ) ၏ ဖြစ်တည်မှုနေမင်းသည် မက္ကာမြို့၌ ထွန်းလင်းပေါ်ပေါက်လာသည့်အချိန်မှစ၍ လူသားတို့၏ ပျော်ရွှင်ချမ်းမြေ့မှုအတွက် အလ္လာဟ်အရှင်မြတ်အား ပြည့်စုံစွာ ကိုးကွယ်နာခံခြင်းနှင့် ဆက်နွှယ်နေသည့် မျှော်မှန်းချက်သည် ပိုမိုတောက်ပလာခဲ့ပါသည်။ တမန်တော်မြတ် များ၏ ဝိညာဉ်များ၊ ကောင်းကင်တမန်များနှင့် မြင့်မြတ်သူများ၏ ဝိညာဉ်များသည် ဝမ်းမြောက်မှုဖြင့် ပြည့်နှက်ခဲ့ကြပြီး လူသားနှင့် ဂျင်န် တို့အနက်ရှိ ရှိုင်တွန် တို့မှာ ဒေါသ၊ ဝမ်းနည်းမှုနှင့် နောင်တတို့ကြောင့် လက်ချောင်းများကို ကိုက်ခဲခဲ့ကြပါ သည်။
အကြောင်းမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံလောက အတိုင်းအဆမရှိသည့် အားလုံးထဲတွင် အမြင့်မြတ်ဆုံးသော ဖန်ဆင်းခံတော်သည် မြေကြီးပေါ်သို့ ကြွလာနေခြင်းကြောင့် ဖြစ်ပါသည်။ မကြာမီ နဗီဖြစ်ခြင်းနှင့် နဗီအဖြစ် နောက်ဆုံးဖြစ်ခြင်း၏ ဂုဏ်ထူးဆောင်အဝတ်ကို ဝတ်ဆင်ကာ မြင့်မြတ်လှသော ကုရ်အာန်တော်ကို ကိုင်ဆောင်ပြီး လူသားတို့အား ဘက်စုံလမ်းညွှန်ရန် တာဝန်ကို ထမ်းဆောင်လျက် လူသားမျိုးနွယ်၏ ကြီးမားလှသော ခရီးစဉ်ကို အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်နာခံခြင်းနှင့် ပြည့်စုံခြင်းဆီသို့ ဦးတည်ပေးမည့် လမ်းကြောင်းကို သတ်မှတ်ပေးတော့မည်ဖြစ်ပါသည်။
ထိုတမန်တော်မြတ်( ဆွ) ၏ ဘဝနှင့် ၎င်း၏ သန့်ရှင်း စင်ကြယ် သည့် အောင်ဆီယာများ (ဆက်ခံသူများ) ၏ ဘဝတစ်ခုလုံးသည် လမ်းညွှန်မှုနှင့် အလ္လာဟ်အား ကိုးကွယ်နာခံခြင်း ၊ အသိပညာနှင့် ချစ်ခြင်း၊ သက်ဝင် ယုံကြည်ချက်နှင့် ဂျေဟာဒ် ၊ ဘဝနှင့် ကောင်းမွန်သော ကိုယ်ကျင့်တရား၊ တစ်ဦးချင်းနှင့် လူမှုဘဝဆိုင်ရာ သင်ခန်းစာ၊ ယုံကြည်စိတ်ချရမှုနှင့် ရိုးသားမှု၊ ဂုဏ်သိက္ခာနှင့် လူ့ဂုဏ်ရည်၊ သိပ္ပံနှင့် လက်တွေ့လုပ်ဆောင်မှု၊ ကရုဏာနှင့် ခိုင်မာပြတ်သားမှု၊ တရားမျှတမှုနှင့် ညီမျှမှု၊ စည်းလုံးညီညွတ်မှုနှင့် ညီအစ်ကိုရင်းချာစိတ်တို့၏ သင်ခန်းစာများပင် ဖြစ်ပါသည်။
ဤသင်ခန်းစာများကို ပိုမိုကောင်းမွန်စွာ သင်ယူပြီး လက်တွေ့ကျင့်သုံးနိုင်လေလေ၊ လူသားတို့အတွက် ပျော်ရွှင်ချမ်းမြေ့မှုနှင့် အောင်မြင်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ပိုမိုလွယ်ကူလေလေ ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ကရုဏာတော်ရှင် တမန်တော်မြတ်(ဆွ) ၏ သန့်ရှင်းသော ဝိညာဉ်တော်များနှင့် ၎င်း၏ သန့်ရှင်းမြင့်မြတ်သော ဆက်ခံသူများ၊ အလ္လာဟ်အရှင်မြတ်၏ သက်သေတော်များ၏ သန့်ရှင်းမြင့်မြတ်သော ဝိညာဉ်များသည် မွတ်စလင်မ်များနှင့် အစ္စလာမ်မစ်အသိုက်အဝန်း၏ အခြေအနေများကို အမြဲစောင့်ကြည့်ကာ လမ်းညွှန်ပေးပြီး မေတ္တာထားရှိကြသည်ဟု ယုံကြည်ပါသည်။ ဤဖခင်ကြီးကဲ့သို့ မေတ္တာရှိသော တမန်တော်မြတ် (ဆွ) ၏ သားသမီးများထဲမှ တစ်ဦးဦး အမှားပြုမိသောအခါ ၎င်းတို့၏ စိတ်နှလုံးများ ဝမ်းနည်းရသည်။ မွတ်စလင်မ်များသည် ၎င်းတို့၏ သင်ခန်းစာများနှင့် ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးသည့်အခါမူကား ၎င်းတို့၏ မင်္ဂလာရှိသော နှလုံးတော်များ ဝမ်းမြောက်ကြပါသည်။
ယခုအချိန်တွင် အစ္စလာမ်နှင့် ၎င်း၏ နောက်လိုက်များသည် ပထမခေတ်မှ ယနေ့အချိန်အထိ ခက်ခဲပြီး လှုပ်ခတ်တုန်လှုပ်ဖွယ် ကာလများ၊ အတက်အကျများစွာကို ဖြတ်သန်းပြီးနောက် သမိုင်း၏ အဆုံးအဖြတ်ပေးနိုင်သည့် အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။
ယနေ့ မွတ်စလင်မ်များသည် အလွန်ထိရောက်ပြီး သမိုင်းကို ပုံဖော်နိုင်သော အခန်းကဏ္ဍတစ်ရပ်ကို ထမ်းဆောင်နိုင်ကြပါသည်။ ယနေ့သည် အမှန်တရားက အမှားကို၊ အစ္စလာမ်က ကာဖိရ်ကို နောက်ဆုံးအောင်ပွဲရရှိမည့် မျှော်မှန်းချက်သည် ယခင်ခေတ်များထက် ပိုမိုရှင်းလင်းစွာ လက်တွေ့အနီးသို့ ရောက်ရှိလာသည့်နေ့ ဖြစ်ပါသည်။
ဤအရေးကြီးသော ရည်မှန်းချက်အတွက် ပထမဆုံးလိုအပ်ချက်မှာ မွတ်စလင်မ်များ၏ စကားတစ်သံတည်းဖြင့် စည်းလုံးညီညွတ်ခြင်း ဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ကာဖိရ်အင်အားစုများကို ရင်ဆိုင်ရာတွင် မွတ်စလင်မ်တို့၏ စည်းလုံးညီညွတ်မှုသည် ကုရ်အာန်၏ မဟာဗျူဟာတစ်ရပ်ဖြစ်သကဲ့သို့ စစ်မှန်သော မိုဟမ္မဒ် (ဆွ) ၏ အစ္စလာမ်၏ အခြေခံသင်ကြားချက်တစ်ရပ်လည်း ဖြစ်ပါ သည်။ ၎င်းသည် အပေါ်ယံ သို့မဟုတ် ခဏတာကိစ္စရပ်တစ်ခု မဟုတ်ပါ။
စည်းလုံးညီညွတ်မှုဆိုသည်မှာ အစ္စလာမ်မစ်လူ့အဖွဲ့အစည်းများ၏ အများပြည်သူအဆင့်တွင် အားလုံးအကြားရှိ ဘုံတူညီချက်များကို အခြေခံအုတ်မြစ်နှင့် အဓိကအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။
ထို့အပြင် အစ္စလာမ်၏ ကုရ်အာန်သင်ကြားချက်များနှင့်အညီ၊ ညီအစ်ကိုရင်းချာစိတ်နှင့် အဖော်အပေါင်းအဖြစ်ရှိရမည့် အခွင့်အရေးများအားလုံးကို လေးစားလိုက်နာကာ ငြိမ်းချမ်းမှုနှင့် ချစ်ကြည်ရင်းနှီးမှုအပြည့်ဖြင့် အငြင်းပွားစရာ သဘောထားကွဲလွဲသည့် အချက်များကို ဆင်ခြင်တုံတရားနှင့် အထောက်အထားများ၏ အခြေခံပေါ်တွင် ဘုံတူညီချက်များအဖြစ် ပြောင်းလဲရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။
သေချာသည်မှာ အစ္စလာမ်မစ်လူ့အဖွဲ့အစည်းများရှိ မွတ်စလင်မ်တစ်ဦးချင်းစီသည် ကမ္ဘာလုံးဆိုင်ရာ ကာဖိရ်အင်အားစုများကို ရင်ဆိုင်ရာတွင် ကုရ်အာန်၏ မူဝါဒဖြစ်သော “ကာဖိရ်များအပေါ် ပြင်းထန်ကြပြီး၊ အချင်းချင်းအပေါ် သနားကြင်နာကြသည်” ဆိုသည့် မူဝါဒကို မိမိတို့၏ အတွေးအခေါ်၊ စကားနှင့် လုပ်ရပ်များ၏ အခြေခံအဖြစ် သတ်မှတ်ရမည်။ ဤသို့ပြုမှသာ အစ္စလာမ်မစ်စည်းလုံးညီညွတ်မှုနှင့် ပေါင်းစည်းမှုကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဤကောင်းကင်မှ ဆင်းသက်လာသော သတင်းစကား၏ အစိတ်အပိုင်းနှစ်ရပ်အနက် တစ်ရပ်ရပ်သည် မွတ်စလင်မ်တို့၏ လက်တွေ့ကျင့်သုံးမှုမှ ဝေးကွာသွားသည့်အခါတိုင်း ၎င်းတို့သည် အစ္စလာမ်မစ်မြို့ပြလောကတွင် တရားမျှတစွာ ရရှိထားခဲ့သော ဂုဏ်သိက္ခာအဆင့်မှလည်း ဝေးကွာသွားမည်ဖြစ်ပါသည်။ ဤသည်မှာ ချွင်းချက်မရှိသော စည်းမျဉ်းတစ်ရပ် ဖြစ်ပါသည်။
ဤစည်းမျဉ်းသည် အစ္စလာမ်မစ်တော်လှန်ရေး၏ အခြေခံမူများနှင့် အရေးကြီးသော သတင်းစကားများအနက် တစ်ရပ်ဖြစ်ပါသည်။
ပထမဆုံး စည်းလုံးညီညွတ်ရေးအပတ် ကျင်းပခဲ့ခြင်းသည် ပါဟ်လဝီ အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် ၁၃၅၆ ခုနှစ် အီရန်ပြက္ခဒိန်၏ အစ်ဖန်ဒ်လတွင် ဖြစ်ပါသည်။ ထိုအချိန်တွင် မဟာခေါင်းဆောင်နှင့် အဆင့်မြင့်အဆင့်ရှိ အာဇာနည်သည် အီရန်နိုင်ငံ အီရန်ရှဟ်ရ်မြို့၌ ပြည်နှင်ဒဏ်ခံနေရစဉ် ဤအတွေးအခေါ်ကို တင်ပြခဲ့ပြီး ရှီအဟ် နှင့် စွန်နီ မွတ်စလင်မ်များက လက်ခံကြိုဆိုခဲ့ကြပါသည်။
အစ္စလာမ်မစ်တော်လှန်ရေး အောင်မြင်ပြီးနောက် မကြာမီပင် အစ္စလာမ်မစ်သမ္မတနိုင်ငံ တည်ထောင်သူ အေမာမ် ခိုမေနီ (ရ.ဟ) ၏ အမြော်အမြင်ရှိသော စီမံမှုဖြင့် “စည်းလုံးညီညွတ်ရေးအပတ်” သည် တရားဝင်အဖြစ် သတ်မှတ်ခဲ့ပါသည်။
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် မွတ်စလင်မ်ပြည်သူများအကြား စည်းလုံးညီညွတ်ရေးသည် အီရန်ပြည်သူများအကြား အောင်မြင်သော နမူနာတစ်ရပ် ဖြစ်နေပြီး ရန်သူများ၏ ကြံစည်မှုများသည် ၎င်းစည်းလုံးညီညွတ်မှုကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် မကောင်းကြံသူများသည် ဤကြီးမားသော ကောင်းချီးမင်္ဂလာကို အမြဲချောင်းမြောင်းနေကြသည်မှာ သေချာပါသည်။ ၎င်းတို့ကို မျှော်လင့်ချက်ပေးသည့်အရာမှာ သဘောထားကွဲလွဲမှုများကို ထင်ရှားအောင် ဖော်ထုတ်ခြင်းဖြစ်ပါသည်။
ဘာသာရေးနှင့် ယုံကြည်ချက်ဆိုင်ရာ သဘောထားကွဲလွဲမှုများသည် အစ္စလာမ်၏ ရန်သူများ၏ ရည်ရွယ်ချက်တွင် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ၎င်းတို့သည် ထိုကွဲပြားမှုကို အသုံးချရန် အလွန်မျှော်လင့်ထားကြပါသည်။ သို့သော် ထိုအရာဖြင့်သာ ရပ်တန့်မည်မဟုတ်ဘဲ လူမျိုးရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ပထဝီဝင်ဆိုင်ရာ ကွဲပြားမှုအမျိုးမျိုးကို အီရန်နိုင်ငံနှင့် အခြားအစ္စလာမ်မစ်နိုင်ငံများရှိ မွတ်စလင်မ်ပြည်သူများအကြား သဘောထားကွဲလွဲစေရန် အကြောင်းပြချက်များအဖြစ် ပြောင်းလဲရန် ကြိုးပမ်းကြမည်ဖြစ်ပါသည်။
ဤနည်းလမ်းဖြင့် အစ္စလာမ်မစ်အွန်မ္မသ် ကို အစိတ်စိတ်အပိုင်းပိုင်းကွဲသွားစေပြီး ၎င်း၏ အင်အားများ လျော့နည်းကုန်ခမ်းသွားသည်ကို စောင့်ကြည့်ကာ အခွင့်အရေးရသည့်အခါ ၎င်းတို့၏ လွှမ်းမိုးချုပ်ကိုင်မှုကို ပြန်လည်အသုံးချရန် ဖြစ်ပါသည်။
ဤအခြေအနေများနှင့် ပတ်သက်၍ ကုရ်အာန်မြတ်၏ အမိန့်မှာ «وَ لا تَنازَعوا فَتَفْشَلوا و تَذْهَبَ ریحُکُم» “အချင်းချင်း အငြင်းပွားခြင်း မပြုကြနှင့်။ ထိုသို့ပြုလျှင် သင်တို့သည် အားနည်းသွားပြီး သင်တို့၏ အင်အားသည် ပျောက်ကွယ်သွားလိမ့်မည်။”ဟူ၍ ဖြစ်ပါသည်။
ထို့ကြောင့် မည်သည့်အဆင့်အတန်းတွင်မဆို မည်သည့်ပုဂ္ဂိုလ်မဆို မွတ်စလင်မ်များအကြား သွေးခွဲကွဲပြားမှုကို ဖြစ်စေသည့် လုပ်ရပ်တစ်စုံတစ်ရာကို ပြုလုပ်ပါက၊ သိ၍ဖြစ်စေ မသိ၍ဖြစ်စေ၊ ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ၊ အစ္စလာမ်၏ ရန်သူများ၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပေးနေခြင်းပင် ဖြစ်ပါသည်။
ယနေ့ခေတ်တွင် မည်သူသည် မိမိ၏ မသိနားမလည်မှု သို့မဟုတ် ပေါ့ဆမှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်မည်နည်း? အကြောင်းမှာ ယနေ့ ကမ္ဘာ့အာဏာရှင်များ၊ အထူးသဖြင့် ရာဇဝတ်မှုကျူးလွန်သော အမေရိကန်တို့သည် ၎င်းတို့၏ ရုပ်ဆိုးသော ကိုလိုနီဝါဒရည်ရွယ်ချက်များ၊ အာဏာရှင်ဆန်သော အစီအစဉ်များနှင့် လွှမ်းမိုးချုပ်ကိုင်လိုသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားသည့် လှည့်စားမှုမျက်နှာဖုံးများကို ချွတ်ပစ်လိုက်ကြပြီး လှည့်စားသော “ကတ္တီပါလက်အိတ်များ” ကိုလည်း ချွတ်ပစ်ကာ ကမ္ဘာတစ်ဝန်းလုံးသို့ သွေးစွန်းနေသော ၎င်းတို့၏ လက်သည်းများကို ပြသနေပြီဖြစ်သောကြောင့် ဖြစ်ပါသည်။
ယခုအချိန်သည် မွတ်စလင်မ်များအနေဖြင့် စဉ်းစားဆင်ခြင်ပြီး ဖြစ်ရပ်များကို ပိုမိုတိကျစွာ ကြည့်ရှုသုံးသပ်ရမည့်အချိန် ဖြစ်ပါသည်။
မွတ်စလင်မ်များသည် အင်အားတစ်ခုတည်းဖြင့် ပေါင်းစည်းကာ မိမိတို့၏ လက်သီးကို ခိုင်မာစွာ ဆုပ်ထားကြမည်ဆိုလျှင် ပါလက်စတိုင်းပြည်သူများသည် ယခုကဲ့သို့ အကာအကွယ်မဲ့စွာ သိမ်းပိုက်သူများ၏ ဖိနှိပ်ညှဉ်းပန်းမှုနှင့် ရာဇဝတ်မှုများကို ခံနေရမည်လား?
ထို့အပြင် ပါရှန်းပင်လယ်ကွေ့၏ ကမ်းရိုးတန်းတွင် နေထိုင်ကြသော လူမျိုးများနှင့် အစိုးရများသည် အစ္စလာမ်၏ အလံတော်အောက်တွင် မိမိတို့၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ထားခဲ့ကြမည်ဆိုလျှင် ထောင်ပေါင်းများစွာသော ကီလိုမီတာ အကွာအဝေးမှ လာရောက်သော မည်သူမျှ မိမိတို့၏ နယ်မြေများနှင့် ပိုင်ဆိုင်မှုများ အပေါ် လောဘတကြီး ရည်မှန်းရဲကြမည်လား?
အစ္စလာမ်မစ်နိုင်ငံများ ၏ အုပ်ချုပ်သူများ၊ အထူးသဖြင့် အနောက်အာရှဒေသနှင့် ပါရှန်းပင်လယ်ကွေ့ဝန်းကျင်ရှိ နိုင်ငံများ၏ အုပ်ချုပ်သူများအား ကျွန်ုပ်၏ အလေးအနက်ထား၍ ထပ်ခါတလဲလဲ ပြောကြားလိုသည်မှာ မိမိတို့၏ အမှန်တကယ်ရန်သူကို သိရှိကြပါ။ ၎င်း၏ အစီအစဉ်ကို နားလည်သဘောပေါက်ပြီး ထိုအစီအစဉ်ကို ရင်ဆိုင်တားဆီးကြမည်ဖြစ်ပါသည်။
အစ္စလာမ်မစ်အွန်မ္မသ် ၏ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းမှာ စကားတစ်သံတည်းဖြင့် စည်းလုံးညီညွတ်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်းနှင့် ကောင်းမြတ်သောအရာများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အမေရိကန်၏ ရာဇဝတ်မှုကျူးလွန်သော အုပ်ချုပ်သူများနှင့် အတုအယောင် ဇီယွန်ဝါဒီစနစ်တို့သည် ဤစည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု၏ ကျိန်စာသင့်ရန်သူများ ဖြစ်ကြပါသည်။
၎င်းတို့သည် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၊ အီရန်ပြည်သူများနှင့် ကြီးမားသော အစ္စလာမ်မစ်တော်လှန်ရေး၊တော်လှန်ရေးတပ်ဦးကိုသာ ရန်သူအဖြစ် သတ်မှတ်ထားသည် မဟုတ်ပေ။ ၎င်းတို့သည် အစ္စလာမ်မစ်အွန်မ္မသ် တစ်ရပ်လုံး၊ အထူးသဖြင့် အနောက်အာရှနှင့် မြောက်အာဖရိကရှိ လူမျိုးများကိုပါ ရန်လိုကြပါသည်။
ဤကိစ္စတွင် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြသည့် နိုင်ငံများ၏ အုပ်ချုပ်သူများပင် ခြွင်းချက်မရှိကြပေ။ မကြာသေးမီကပင် အစ္စလာမ်မစ်နိုင်ငံအချို့၏ ခေါင်းဆောင်များကို အာဏာရှင်ကြီးများက လူသိရှင်ကြား မလေးမစားပြုကာ အရှက်ရဖွယ် စကားလုံးများ အသုံးပြုခဲ့ခြင်းများသည် သင်တို့နှင့် ကျွန်ုပ်တို့၏ အနီးကပ်မှတ်ဉာဏ်ထဲတွင် ရှိနေဆဲဖြစ်ပါသည်။
စည်းလုံးညီညွတ်မှုနှင့် အငြင်းပွားမှုမပြုခြင်းဆိုင်ရာ အရေးကြီးသော သင်ခန်းစာသည် ရန်သူနှင့် မိတ်ဆွေတို့ကို မည်သို့ ရင်ဆိုင်ဆက်ဆံရမည်နှင့် ပတ်သက်သော အစ္စလာမ်ကျောင်းတော်၏ ပထမဆုံး သင်ခန်းစာဖြစ်ပါသည်။
သို့သော် ဒုတိယသင်ခန်းစာမှာ ကာဖိရ်တို့ကို ရင်ဆိုင်ရာတွင် တစ်ဦးနှင့်တစ်ဦး ကာကွယ်ပေးခြင်း ဖြစ်ပါသည်။
တတိယသင်ခန်းစာမှာ မွတ်စလင်မ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်း ရေးရာဘဝ၏ အမျိုးမျိုးသော ကဏ္ဍများတွင် ဥစ္စာဓန၊ လုံခြုံရေး၊ သိပ္ပံနှင့် တိုးတက်မှုတို့အပါအဝင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အင်အားများ ပေါင်းစပ်အသုံးချခြင်း ဖြစ်ပါသည်။
ဤလမ်းကြောင်း၏ အဆုံးမှာ ခေတ်သစ် အစ္စလာမ်မစ်ယဉ်ကျေးမှု ထူထောင်ခြင်း သို့ ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် မွတ်စလင်မ်များအကြား စည်းလုံးညီညွတ်မှုသည် ဂုဏ်သိက္ခာရှိပြီး အောင်မြင်သော အစ္စလာမ်မစ်ယဉ်ကျေးမှုကို ရရှိရန်အတွက် အဓိကအုတ်မြစ် ဖြစ်ပါသည်။
ဤအယူအဆနှင့် အတွေးအခေါ်အစုအဝေးအတွင်း အစ္စလာမ်မစ်ကမ္ဘာကြီးအတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည် ပါဝင်နေပြီး၊ ၎င်းသည် အီရန်နိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ လက်တွေ့အကောင်အထည်ဖော်ပြီးဖြစ်ပါသည်။
ထို့ကြောင့် ဤအစ္စလာမ်၏ အစေခံတစ်ဦးအနေဖြင့် အီရန်ပြည်သူတစ်ရပ်လုံးအား ထပ်မံအကြံပြုလိုသည်မှာ မိမိတို့အချင်းချင်းအကြား မည်သည့်သဘောထားကွဲလွဲမှုမျှ ပေါ်ပေါက်ခွင့်ကို မည်သည့်အခြေအနေတွင်မျှ မပြုကြပါရန် ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ကရုဏာတော်ရှင် တမန်တော်မြတ် (ဆွ) နှင့် ၎င်း၏ သန့်ရှင်းမြင့်မြတ်သော မျိုးဆက်တော်တို့၏ ကြားဝင်စောင်မမှုဖြင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာ၏ အရိပ်အာဝါသသည် အစ္စလာမ်မစ်လူ့အဖွဲ့အစည်းများအပေါ် အစဉ်အမြဲ လွှမ်းခြုံနေပါစေကြောင်း မျှော်လင့်ပါသည်။
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် တိုးတက်မှုနှင့် ဂုဏ်သိက္ခာ၏ လှေကားထစ်များကို တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားစွာ တက်လှမ်းနိုင်ကြပါစေ။
ဝစလာမ်မွန် အလိုင်းကွမ်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာတုဟ်
ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၈ ရက်
၁၄၄၈ ခုနှစ် ရဗီအုလ်အောင်ဝလ်လ ၁၇ ရက်
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment