၁၄ စက်တင်ဘာ ၂၀၂၆ - ၂၃:၃၁
အီရန်၊အာဖဂန်နစ္စတန် စာပို့လမ်းကြောင်း ဖွင့်လှစ်မည်

ခိုရာဆန် ရဇဝီပြည်နယ် စာတိုက်ဦးစီးဌာနမှ အထွေထွေညွှန်ကြားရေးမှူးက အီရန်နှင့် အာဖဂန်နစ္စတန်အကြား စာပို့ပစ္စည်းများ အပြန်အလှန်ပေးပို့နိုင်ရန် လိုအပ်သည့် အခြေခံအဆောက်အအုံများ ပြင်ဆင်ပြီးစီးပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ စာပို့လမ်းကြောင်းကို ခိုရာဆန် ရဇဝီပြည်နယ်၏ ကုန်းလမ်းနယ်စပ်ဖြတ်သန်းမှုနှင့် မရှ်ဟဒ်၊ကဘူးလ် လေကြောင်းခရီးစဉ်တို့မှတစ်ဆင့် ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ခိုရာဆန် ရဇဝီပြည်နယ် စာတိုက်ဦးစီးဌာန အထွေထွေညွှန်ကြားရေးမှူး ဟိုစိုင်းန်ရှရီးဖီက အီရန်နှင့် အာဖဂန်နစ္စတန်အကြား စာပို့ပစ္စည်းများ အပြန်အလှန်ပေးပို့မှု စတင်ရန် လိုအပ်သည့် အခြေခံအဆောက်အအုံများ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ နှစ်ဖက်အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် အဆိုပါလမ်းကြောင်းကို တရားဝင်စတင်အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တာလီဘန်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလအတွင်း တီဟီရန်မြို့သို့ လာရောက်ပြီး အဆိုပါ စာပို့လမ်းကြောင်း ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို အီရန်ဘက်နှင့် လက်မှတ်ရေးထိုးမည်ဟု စီစဉ်ထားကြောင်း သို့သော် ယင်းခရီးစဉ်၏ အတိအကျအချိန်နှင့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပုံကို ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။

ကြိုတင်စီစဉ်ထားသည့် အစီအစဉ်အရ စာပို့ပစ္စည်းများကို ခိုရာဆန် ရဇဝီပြည်နယ်နှင့် အာဖဂန်နစ္စတန်အကြားရှိ အဆိုပါပြည်နယ်၏ ဘုံနယ်စပ်မှတစ်ဆင့် ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်မည်ဖြစ်ပါတယ်။ လေကြောင်းပိုင်းတွင်မူ စာပို့ပစ္စည်းများ သယ်ယူပို့ဆောင်ရန် မရှ်ဟဒ်၊ကဘူးလ် လေကြောင်းခရီးစဉ်ကို အသုံးပြုမည်ဖြစ်ပါတယ်။

ရှရီးဖီ၏ ပြောကြားချက်အရ အဆိုပါလမ်းကြောင်း စတင်အသုံးပြုနိုင်ပါက အာဖဂန်နစ္စတန်နိုင်ငံသားများအနေဖြင့် အီရန်နိုင်ငံမှ မိမိတို့လိုအပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူထားသည့်ပစ္စည်းများကိုလည်း အာဖဂန်နစ္စတန်ရှိ တရားဝင်စာတိုက်ကွန်ရက်မှတစ်ဆင့် လက်ခံရရှိနိုင်မည်ဖြစ်ပါတယ်။

ခိုရာဆန် ရဇဝီပြည်နယ် စာတိုက်ဦးစီးဌာန အထွေထွေညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ အဆိုပါစနစ်ကို ဖန်တီးခြင်းသည် အီရန်နှင့် အာဖဂန်နစ္စတန်အကြား အီလက်ထရောနစ်ကုန်သွယ်မှုကို ပိုမိုလွယ်ကူစေရုံသာမက အီရန်၏ စာပို့နှင့် ကုန်သွယ်ရေးဝန်ဆောင်မှုများကို အာရှအလယ်ပိုင်းနိုင်ငံများသို့ တိုးချဲ့ဖွံ့ဖြိုးရန်အတွက်လည်း အခြေခံအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပါတယ်။

အီရန်တာဝန်ရှိသူများသည် ယခင်ကတည်းကပင် နှစ်နိုင်ငံအကြား စာပို့ပစ္စည်းများ အပြန်အလှန်ပေးပို့နိုင်ရန် တည်ငြိမ်ပြီး တရားဝင်သော လမ်းကြောင်းတစ်ရပ် ဖန်တီးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ကြပါတယ်။

၎င်းတို့၏ အမြင်အရ အီရန်နှင့် အာဖဂန်နစ္စတန်အကြား ကျယ်ပြန့်သော ကုန်သွယ်ရေးဆက်ဆံမှုများနှင့် အီရန်နိုင်ငံတွင် အာဖဂန်နိုင်ငံသားများ အများအပြား နေထိုင်လျက်ရှိခြင်းတို့သည် အွန်လိုင်းမှ ဝယ်ယူရောင်းချမှုများ တိုးချဲ့ရန်နှင့် နှစ်နိုင်ငံအကြား စာပို့ပစ္စည်း အပြန်အလှန်ပေးပို့မှုများ တိုးမြှင့်ရန် သင့်လျော်သော အခွင့်အလမ်းတစ်ရပ် ဖြစ်စေမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha