၁၄ အောက်တိုဘာ ၂၀၂၆ - ၂၃:၂၄
တူရကီနိုင်ငံတွင် မက္ကဟ် သဘောတူညီချက်ကို လွှတ်တော်သို့ တင်သွင်းမည်ဟု ကြေညာ၊ လွှတ်တော်အမတ်အများအပြား ကန့်ကွက်

တူရကီသမ္မတ ရဂျဗ်သွာရစ်ဗ် အာဒိုဂန် က မက္ကဟ် သဘောတူညီချက်ကို လွှတ်တော်အတည်ပြုချက်ရယူရန် တင်သွင်းမည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြည်တွင်းဝေဖန်မှုများ မြင့်တက်လာခဲ့ပါတယ်။ အတိုက်အခံ လွှတ်တော်အမတ်များက ဆော်ဒီအာရေဗျနိုင်ငံတွင် တူရကီတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားခြင်းသည် တူရကီနိုင်ငံကို ယီမင်စစ်ပွဲအတွင်း ဆွဲသွင်းသွားနိုင်သကဲ့သို့ အီရန်နိုင်ငံနှင့် ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ တူရကီသမ္မတ ရဂျဗ်သွာရစ်ဗ်  အာဒိုဂန်  သည် မက္ကဟ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး နှစ်လအကြာတွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်အတည်ပြုနိုင်ရန် တင်သွင်းမည်ဟု ကြေညာခဲ့ပါတယ်။ သို့သော် လွှတ်တော်အမတ်အများအပြားက သဘောတူညီချက်ပါ အချက်အချို့နှင့် ၎င်း၏ ရည်ရွယ်ချက်များကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်ခဲ့ကြပါတယ်။

အသေးစိတ်အချက်အလက်များအရ အာဒိုဂန်၏ ယခုလုပ်ဆောင်မှုသည် ပြည်တွင်းဝေဖန်မှုများ မြင့်တက်လာခြင်း၊ ပြည်သူများအကြား စိုးရိမ်မှုများ ပေါ်ပေါက်နေခြင်းနှင့် သဘောတူညီချက်၏ ရည်ရွယ်ချက်များအပေါ် မေးခွန်းထုတ်မှုများ ရှိနေခြင်းတို့နှင့် ဆက်စပ်နေပါတယ်။ ဝေဖန်သူများက အဆိုပါသဘောတူညီချက်ကြောင့် အန်ကာရာအစိုးရသည် ယီမင်စစ်ပွဲအတွင်း ပါဝင်ပတ်သက်လာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန် သည် ပြည်သူများ၏ စိုးရိမ်မှုများကို လျော့ပါးစေရန် ကြိုးပမ်းခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံသို့ အခြားနိုင်ငံတစ်ခုကို တိုက်ခိုက်ရန်အတွက် တူရကီတပ်ဖွဲ့များ စေလွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် ၎င်း၏ ရှင်းလင်းချက်များကြောင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများ အပြည့်အဝ ပြေလျော့သွားခြင်း မရှိပုံရပါတယ်။

တူရကီသတင်းထောက်နှင့် စာရေးဆရာ မူရတ် ယက်ကင်က အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ဆော်ဒီအာရေဗျသို့ တိုက်ခိုက်ရေးတပ်ဖွဲ့များအစား ပံ့ပိုးကူညီရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် အစီအစဉ်ကို စဉ်းစားနေကြောင်း ဖော်ပြခဲ့ပါတယ်။

လွှတ်တော်အတွင်း အာဒိုဂန်၏ မဟာမိတ်အုပ်စုများက ထောက်ခံထားသည့်အတွက် သဘောတူညီချက် အတည်ပြုခံရမည့် အလားအလာမှာ သေချာသလောက်ရှိနေပါတယ်။  သို့သော် အစိုးရက ယခုအချိန်တွင် ယင်းသဘောတူညီချက်ကို လွှတ်တော်သို့ တင်သွင်းရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့သနည်း? သဘောတူညီချက်၏ စာသားအပြည့်အစုံကို လွှတ်တော်အမတ်များထံ တင်ပြမည်လား? သို့မဟုတ် သတင်းထုတ်ပြန်ချက်တစ်ခုဖြင့်သာ လုံလောက်သည်ဟု ယူဆမည်လား? ဆိုသည့် မေးခွန်းများမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

တူရကီလွှတ်တော်တွင် လက်ဝဲယိမ်းပါတီဖြစ်သော အလုပ်သမားပါတီ (Workers' Party) ၏ ဒုတိယဥက္ကဋ္ဌ အစ်စကန်ဒါ ဘိုင်ဟန် က သဘောတူညီချက်ကို ကန့်ကွက်ခဲ့ပြီး အစိုးရသည် လွှတ်တော်က ယင်းသဘောတူညီချက်ကို အတည်ပြုပြီးသားကဲ့သို့ ပြုမူနေကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ယခုလုပ်ဆောင်မှု၏ ရလဒ်အနေဖြင့် နယ်ချဲ့အင်အားစုများ၊ ပြည်တွင်းအရင်းရှင်များနှင့် သမ္မတအိမ်တော်၏ အကျိုးစီးပွားများအတွက် တူရကီစစ်သားများ၏ အသက်သွေးများ ပေးဆပ်ရနိုင်ကြောင်း သတိပေးခဲ့သည်။ ထိုသို့ဖြစ်လာခွင့် မပြုသင့်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။ 

ဘိုင်ဟန်က မက္ကာသဘောတူညီချက်အရ ဖွဲ့စည်းမည့် မဟာမိတ်အဖွဲ့ကို ဒေသတွင်း နယ်မြေများအား ပြန်လည်ခွဲဝေရန် ရည်ရွယ်သည့် နယ်ချဲ့စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထို့ပြင် အန်ကာရာအစိုးရသည် အဆိုပါသဘောတူညီချက်မှတစ်ဆင့် လက်နက်ရောင်းချမှုအပေါ် အမြတ်အစွန်းရရှိရန်နှင့် ဆော်ဒီအာရေဗျထံမှ ငွေကြေးအကူအညီရယူရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းက စွပ်စွဲခဲ့ပါတယ်။

အလားတူ တူရကီနိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ဒီမိုကရက်တစ်ပါတီဝင် အီလ်ကိုင် အက်ခ်ဆွိုင် ကလည်း သဘောတူညီချက်သည် ကာကွယ်ရေးအတွက်သာဖြစ်ပြီး ထိုးစစ်ဆင်သည့် သဘောမရှိကြောင်း ဟာကန် ဖီဒန် ပြောဆိုထားခြင်းကို လမ်းလွဲစေပြီး ဆန့်ကျင်ဘက်အဓိပ္ပာယ်များ ပါဝင်နေသည့် ပြောဆိုချက်အဖြစ် ဝေဖန်ခဲ့ပါတယ်။

၎င်း၏အဆိုအရ တိုက်ခိုက်မှုများကို ရှင်းလင်းပြတ်သားစွာ တုံ့ပြန်ခြင်းမရှိဘဲ ကာကွယ်ရေးကို မည်သို့အာမခံနိုင်မည်နည်း? ဆိုသည့် အခြေခံမေးခွန်းကို ထိုပြောဆိုချက်က ဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း ဖြစ်ပါတယ်။

အက်ခ်ဆွိုင်က အာဏာရ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Justice and Development Party — AKP) ၏ မူဝါဒများအတွင်း ဆန့်ကျင်ကွဲလွဲမှုများရှိနေကြောင်း ထောက်ပြခဲ့ပါတယ်။

ယခင်က အစိုးရသည် ဆီးရီးယားသမ္မတ ဘရှား အယ်လ်အာဆတ်ဒ်  ၏ အစိုးရကို ဆန့်ကျင်လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့များကို ထောက်ခံခဲ့ပြီး လက်နက်များလည်း ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
 
သို့သော် ယခုအခါ အမေရိကန်နှင့် အစ္စရေးတို့၏ ထောက်ခံမှုရရှိထားသော ဆော်ဒီအာရေဗျအစိုးရကို ကာကွယ်ပေးမည်ဟု ပြောဆိုနေခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။ ယင်းကဲ့သို့သော လုပ်ဆောင်မှုသည် တူရကီနိုင်ငံ၏ အကျိုးစီးပွားများနှင့် ကိုက်ညီမှုမရှိကြောင်းလည်း ၎င်းက ဆိုပါတယ်။

ထို့အပြင် အက်ခ်ဆွိုင်က တူရကီနှင့် ပါကစ္စတန်တို့သည် သဘောတူညီချက်ထဲတွင် ဆော်ဒီအာရေဗျကို ချက်ချင်းအကူအညီပေးရမည်ဟု ရှင်းလင်းစွာ ပြဋ္ဌာန်းထားခြင်း ရှိ၊ မရှိ အတည်ပြုစစ်ဆေးခြင်းမပြုဘဲ အကူအညီပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အစိုးရဘက်ကမူ သဘောတူညီချက်တွင် နေတိုးအဖွဲ့၏ ပဉ္စမအပိုဒ်နှင့် ဆင်တူသော ပြဋ္ဌာန်းချက်တစ်ခု ပါဝင်ကြောင်းသာ ပြောဆိုနေပါတယ်။

သဘောတူညီချက်တွင် ဆော်ဒီအာရေဗျအတွက် တူရကီစစ်သားများ၏ အသက်ကို အန္တရာယ်ဖြစ်စေနိုင်သည့် ပြဋ္ဌာန်းချက်မျိုး မပါဝင်ပါက ယင်းသဘောတူညီချက်၏ စာသားအပြည့်အစုံကို အဘယ်ကြောင့် အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ခြင်းမရှိသနည်းဟု တူရကီလွှတ်တော်အမတ်က မေးခွန်းထုတ်ခဲ့ပါတယ်။

ထို့နောက် ၎င်းက ဆော်ဒီအာရေဗျတွင် တူရကီစစ်သားများကို ဖြန့်ကြက်ချထားခြင်းသည် ၎င်းတို့ကို ယီမင်၏ တိုက်ခိုက်မှုများအတွက် ပစ်မှတ်ဖြစ်လာစေနိုင်ကြောင်း သတိပေးခဲ့သည်။ ထို့ပြင် ယင်းလုပ်ရပ်ကြောင့် အီရန်နှင့် တူရကီတို့အကြား ဆက်ဆံရေးလည်း အန္တရာယ်ကြုံတွေ့လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

တူရကီနိုင်ငံ၏ နယူးဝဲလ်ဖဲပါတီ (New Welfare Party) ဥက္ကဋ္ဌ ဖာတီ အာရ်ဘကန်  ကလည်း သဘောတူညီချက်ကို ဝေဖန်ခဲ့ပါတယ်။ ၎င်း၏အဆိုအရ သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ အစ္စရေး၏ ရန်သူများကို ဆန့်ကျင်သည့် စစ်ဆင်ရေးများ ဆောင်ရွက်ရန်ဖြစ်ပြီး တူရကီနိုင်ငံသည် အစ္စရေးအတွက် အကာအကွယ်ဒိုင်းတစ်ခု မဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

မဟာမိတ်အဖွဲ့တွင် ပါဝင်သော နိုင်ငံများသည် ဆော်ဒီအာရေဗျကို ကာကွယ်ရန်ထက် ဂါဇာဒေသကို ကာကွယ်ရန်အတွက် မိမိတို့၏တပ်ဖွဲ့များကို အသင့်ပြင်ဆင်ထားသင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်တွင် တူရကီ၏ အဓိကအတိုက်အခံပါတီမှ ညှိနှိုင်းရေးမှူး အီလ်ဟန် အိုဇ်ဂီလ် က အစိုးရသည် ငြိမ်းချမ်းရေးလမ်းကြောင်းအစား စစ်ပွဲလမ်းကြောင်းကို ရွေးချယ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် အမျိုးသားအကျိုးစီးပွားသည် နိုင်ငံခြားရေးမူဝါဒ၏ အဓိကစံနှုန်းအဖြစ် မရှိတော့ကြောင်းလည်း ၎င်းက ဝေဖန်ခဲ့ပါတယ်။

အိုဇ်ဂီလ်က အာဒိုဂန်၏ ယခင်မူဝါဒများကို ကိုးကား၍ ၂၀၁၉ ခုနှစ်တွင် အာဒိုဂန် ပြောကြားခဲ့သော စကားတစ်ခွန်းကို ပြန်လည်သတိပေးခဲ့သည်။ ထိုစဉ်က အာဒိုဂန်က ယီမင်နိုင်ငံသည် ယခုကဲ့သို့ အခြေအနေဆိုးသို့ မည်သူကြောင့် ရောက်ရှိလာခဲ့ရသည်ကို ဆော်ဒီအာရေဗျအနေဖြင့် မှန်ထဲကြည့်ပြီး မိမိကိုယ်ကို မေးမြန်းသင့်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

အိုဇ်ဂီလ်က သဘောတူညီချက်တစ်ခုတွင် အဖွဲ့ဝင်တစ်နိုင်ငံအပေါ် တိုက်ခိုက်မှုသည် အဖွဲ့ဝင်အားလုံးအပေါ် တိုက်ခိုက်မှုဟု သတ်မှတ်မည့် ပြဋ္ဌာန်းချက် ပါဝင်ပါက ယင်းသည် တူရကီနိုင်ငံကို စစ်ပွဲတွင် ပါဝင်သည့်ဘက်တစ်ဖက် ဖြစ်လာစေမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အိုဇ်ဂီလ်၏အဆိုအရ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (AKP) အစိုးရသည် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်  ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ရန် ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။ ယင်းကြောင့် တူရကီနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားအကျိုးစီးပွားများအပေါ် မေးခွန်းအသစ်များ ထပ်မံပေါ်ပေါက်လာစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha