၃၀ အောက်တိုဘာ ၂၀၂၆ - ၂၂:၄၇
ဒမတ်စကတ်နှင့် ဘဂ္ဂဒက် ဆက်ဆံရေးနီးကပ်လာမှုအပေါ် လုံခြုံရေးနှင့် ဂိုဏ်းဂဏကွဲပြားမှုဆိုင်ရာ အတားအဆီးများ ရှိနေဆဲ

အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီ၏ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့သို့ ခရီးစဉ်နှင့် ဆီးရီးယားအုပ်ချုပ်ရေးခေါင်းဆောင် အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ)၏ နွေးထွေးစွာ ကြိုဆိုမှုတို့သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းနေမှုကို ဖော်ပြနေပါတယ်။ သို့သော် လုံခြုံရေးဆိုင်ရာ ပြဿနာများ၊ ဘာသာရေးဂိုဏ်းဂဏဆိုင်ရာ သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးအတားအဆီးများက နှစ်နိုင်ငံနီးကပ်ရေးလမ်းကြောင်းကို ဆက်လက်အဟန့်အတား ဖြစ်စေလျက်ရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီ၏ ဒမတ်စကတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ရေနံ၊ ကုန်သွယ်ရေးလမ်းကြောင်းနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးကို ဆွေးနွေးခဲ့ကြပါတယ်။  အဓိကဆွေးနွေးချက်များတွင် ကာ့ရ်ကွတ်ခ်၊ဘာနီယတ်စ် ရေနံပိုက်လိုင်း ပြန်လည်အသုံးပြုရေး၊ နှစ်နိုင်ငံစီးပွားရေးညီလာခံ ကျင်းပရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ တိုးချဲ့ရေးတို့ ပါဝင်ပါတယ်။

ဆီးရီးယားခေါင်းဆောင်  အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ)ကလည်း စီးပွားရေးအကျိုးစီးပွားများကို အလေးပေးပြောဆိုကာ အီရတ် နိုင်ငံအတွင်း ၎င်း၏ အတိတ်ကာလနှင့် ပတ်သက်၍ ဘဂ္ဂဒက်ဘက်မှ စိုးရိမ်မှုများကို လျှော့ချရန် ကြိုးပမ်းခဲ့ပါတယ်။  ထို့ပြင် အီရတ်နိုင်ငံ တွင် လက်နက်ကိုင်အာဏာကို အစိုးရတစ်ရပ်တည်း၏ လက်ဝယ်၌သာ ထားရှိရေးကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော် ဆီးရီးယားရှိ ရှီအဟ်မွတ်စလင်မ် တို့၏ အထွတ်အမြတ်နေရာများသို့ ဇေယာရသ် လာရောက်ရေးကိစ္စနှင့် ယင်းအပေါ် အစွန်းရောက်အုပ်စုအချို့၏ ကန့်ကွက်မှုများသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲဖြစ်ပါတယ်။  ဆော်ဒီဘာသာရေးပုဂ္ဂိုလ် အဘ်ဒူလာ အယ်လ်မူဟိုင်စနီက ဟဇရတ်ဇိုင်နဘ်(စ.အ) ရောင်ဇာတော် မြတ် နှင့် အွန်မ်မဝီဗလီသို့ အီရတ်ဘက်မှ ငွေကြေးထောက်ပံ့မှုအပေါ် ဝေဖန်ခဲ့ခြင်းသည်လည်း ဘာသာရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေကြောင်း ဖော်ပြနေပါတယ်။ 

နှစ်နိုင်ငံအနေဖြင့် လုံခြုံရေးဆိုင်ရာ ပူးတွဲကော်မတီများ ဖွဲ့စည်းရေးနှင့် အီရတ်နိုင်ငံသားများ၏ စနစ်တကျ ဇေယာရသ် ခရီးစဉ်များ ပြန်လည်စတင်နိုင်ရေးကို လေ့လာရန် သဘောတူခဲ့ကြသော်လည်း ယခုခရီးစဉ်အတွင်း နောက်ဆုံးအတည်ပြုထားသည့် သဘောတူညီချက်စာချုပ် တစ်စုံတစ်ရာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

ခြုံငုံသုံးသပ်ရလျှင် အလီ အယ်လ်ဇိုင်ဒီ၏ ခရီးစဉ်သည် ဒမတ်စကတ်နှင့် ဘဂ္ဂဒက်အကြား ဆက်ဆံရေးတိုးတက်စေရန် ရည်ရွယ်သည့် နိုင်ငံရေးခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့သော် ISIS ၏ ဆက်လက်လှုပ်ရှားမှု၊ ဘာသာရေးဂိုဏ်းဂဏဆိုင်ရာ တင်းမာမှုများနှင့် ဆီးရီးယားအတွင်း သြဇာရှိသော အုပ်စုအချို့၏ ကန့်ကွက်မှုများကြောင့် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သည့် ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ရေးမှာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha