၁၁ နိုဝင်ဘာ ၂၀၂၆ - ၂၂:၀၅
ဂါဇာနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု ပြသရန် သုံးရက်တာ လှုပ်ရှားမှု ပြုလုပ်ကြဖို့ ဟားမတ်စ် တိုက်တွန်း

ဟားမတ်စ်အဖွဲ့သည် အာရပ် နှင့် အစ္စလာမ်နိုင်ငံများမှ ပြည်သူများအပြင် ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်ရေးလိုလားသူများကို လာမည့်သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ဂါဇာကမ်းမြောင်ဒေသနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု ပြသရန်၊ ပိတ်ဆို့ဝိုင်းရံမှုကို ဆန့်ကျင်ရန်နှင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ထောက်ခံရန် တိုက်တွန်းလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် ရုပ်မြင် သံကြားဌာန (IRIB) ၏ အစီရင်ခံစာ အရ  ဟားမတ်စ်အဖွဲ့သည် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ လာမည့် နိုဝင်ဘာလ ၁၃၊ ၁၄ နှင့် ၁၅ ရက်နေ့များကို ဂါဇာကမ်းမြောင်ဒေသနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု ပြသသည့်နေ့များအဖြစ် သတ်မှတ်ပြီး ဆန္ဒပြပွဲများ၊ စုဝေးပွဲများနှင့် ထိုင်သပိတ်များ ကျင်းပကြရန် အာရပ်နှင့် အစ္စလာမ်နိုင်ငံများမှ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်ရေးလိုလားသူများကို တိုက်တွန်းခဲ့ပါတယ်။

ဟားမတ်စ် ၏ ပြောကြားချက်အရ ဂါဇာပြည်သူများသည် စစ်ပွဲ၊ ပိတ်ဆို့ဝိုင်းရံမှုနှင့် အငတ်ဘေးတို့ကို ဆက်လက်ရင်ဆိုင်နေရသည့်အပြင် ဆောင်းရာသီ၏ အအေးဒဏ်နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများ၏ ယာယီတဲများလည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရပါတယ်။ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို သိန်းနှင့်ချီတို့သည် အမိုးအကာ၊ အနွေးဓာတ်နှင့် လုံလောက်သော အစားအစာများ မရှိဘဲ ဆိုးရွားသည့် အခြေအနေတွင် နေထိုင်နေရကြောင်း ဖော်ပြခဲ့ပါတယ်။

ထို့ပြင် အစ္စရေးအစိုးရ၏ ပိတ်ဆို့ဝိုင်းရံမှု၊ အငတ်ဘေးဖြစ်စေမှုနှင့် ဂါဇာဒေသအပေါ် တိုက်ခိုက်မှုများကို ဆန့်ကျင်ဆန္ဒပြကြရန်နှင့် ပါလက်စတိုင်းပြည်သူများအပေါ် ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများ ရုပ်သိမ်းစေရေးအတွက် သက်ဆိုင်ရာအစိုးရများထံ အသံကျယ်ကျယ်ဖြင့် တောင်းဆိုကြရန်လည်း တိုက်တွန်းခဲ့ပါတယ်။

အလားတူ ကမ္ဘာတစ်ဝန်းရှိ ဘာသာရေးပညာရှင်များ၊ ဗလီတရားဟောဆရာများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘာသာရေးအဖွဲ့အစည်းများကိုလည်း တရားဟောချက်များ၊ ဆုတောင်းပွဲများနှင့် ဘာသာရေးအစီအစဉ်များတွင် ဂါဇာပြည်သူများ၏ အခက်အခဲများကို ဖော်ပြပြီး ၎င်းတို့၏ လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများအတွက် ထောက်ခံမှု ပိုမိုရရှိစေရန် ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့က ယခုလှုပ်ရှားမှုသည် သိမ်းပိုက်မှု၊ တိုက်ခိုက်မှုနှင့် ပိတ်ဆို့ဝိုင်းရံမှုများကို ဆန့်ကျင်ပြီး တရားမျှတမှု၊ အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို ထောက်ခံသည့် ကမ္ဘာ့ပြည်သူများ၏ စုပေါင်းအသံတစ်ခု ဖြစ်လာသင့်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha