၁၉ နိုဝင်ဘာ ၂၀၂၆ - ၁၈:၁၁
အီရန်၊ ရုရှားနှင့် တရုတ်တို့၏ ပူးတွဲကြေညာချက်၊ စစ်ပွဲပြီးမှသာ IAEA စစ်ဆေးရေး ပြန်လည်စတင်နိုင်မည်

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဆိုင်ရာ အီရန်၊ ရုရှားနှင့် တရုတ်တို့၏ ကိုယ်စားလှယ်အဖွဲ့များသည် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အီရန်နိုင်ငံ၏ နျူကလီးယားဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အလေးအနက် အတည်ပြုပြောကြားခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့ အစည်းအဝေးအစီအစဉ်တွင် ပါဝင်သော အပိုဒ် ၃ (f) ဖြစ်သည့် “အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတွင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) နှင့် ဆက်စပ်သည့် လုံခြုံရေးအာမခံချက်ဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်း” ဟူသော အကြောင်းအရာနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ကာ တုံ့ပြန်ခဲ့ကြပါတယ်။

ဗီယင်နာမြို့ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်အရ အီရန်၊ တရုတ်နှင့် ရုရှားတို့သည် အချက် ၅ ချက်ပါဝင်သော ပူးတွဲကြေညာချက်တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ကြပါတယ်။

၁။အီရန်နိုင်ငံနှင့် ၎င်း၏ နျူကလီးယားစက်ရုံများအပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် အင်အားသုံးရန် ခြိမ်းခြောက်ခြင်းတို့သည် အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံးရန် ခြိမ်းခြောက်ခြင်းကို တားမြစ်ထားသည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ အလေးအနက် အတည်ပြုပါသည်။ ထိုလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ စစ်ဆေးအတည်ပြုရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော အခြေအနေများကို တိုက်ရိုက်ထိခိုက်စေသည့်အပြင် အေဂျင်စီ၏ လုံခြုံရေးအာမခံချက်စနစ်၏ ယုံကြည်စိတ်ချရမှု၊ ခိုင်မာမှုနှင့် ထိရောက်မှုတို့ကိုလည်း အန္တရာယ်ဖြစ်စေပါသည်။

၂။အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ လုံခြုံရေးအာမခံချက်စနစ်အောက်တွင် ရှိနေသော အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများအပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် ရန်လိုသည့်လုပ်ရပ်များကို ပြန်လည်စတင်မည်ဟူသော ဆက်လက်တည်ရှိနေသည့် ပြင်းထန်သော ခြိမ်းခြောက်မှုများသည် အီရန်နိုင်ငံတွင် ပုံမှန်အခြေအနေအတိုင်း လုံခြုံရေးအာမခံချက်ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ရန် အလွန်ခက်ခဲစေခဲ့ပြီး ထူးခြားသည့် အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း ကျွန်ုပ်တို့ အလေးအနက် အတည်ပြုပါသည်။

အဆိုပါအခြေအနေသည် အီရန်နိုင်ငံတွင် အေဂျင်စီ၏ စစ်ဆေးအတည်ပြုရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်ကိုမဆို သုံးသပ်ရာတွင် အဆုံးအဖြတ်ပေးသည့် အဓိကအချက်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ ဤတရားမဝင်လုပ်ရပ်များ၊ ၎င်းတို့၏ နောက်ဆက်တွဲအကျိုးဆက်များနှင့် ရန်လိုတိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟူသော ဆက်လက်ခြိမ်းခြောက်မှုများသည် ပုံမှန်နည်းလမ်းအတိုင်း လုံခြုံရေးအာမခံချက်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းနှင့် ကိုက်ညီမှုမရှိပါ။

ထို့ကြောင့် အေဂျင်စီအနေဖြင့် မိမိအား ပေးအပ်ထားသော စစ်ဆေးအတည်ပြုရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် လိုအပ်သည့် အခြေအနေများ ပြန်လည်ရရှိစေရေးအတွက် အဆိုပါလုပ်ရပ်များနှင့် ခြိမ်းခြောက်မှုများကို ချက်ချင်းနှင့် အပြီးတိုင် ရပ်တန့်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ ယူဆပါသည်။

၃။ဤအခြေအနေတွင် ရန်လိုတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော လက်တွေ့အတားအဆီးများနှင့် အင်အားသုံးရန် ဆက်လက်ခြိမ်းခြောက်နေမှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သက်ဆိုင်ရာ နျူကလီးယားစက်ရုံများတွင် လုံခြုံရေးအာမခံချက်ဆိုင်ရာ လုပ်ငန်းများကို ပုံမှန်စံနှုန်းအတိုင်း အကောင်အထည်ဖော်ရန် ခြွင်းချက်မရှိ တောင်းဆိုခြင်းသည် အီရန်နိုင်ငံတွင် အေဂျင်စီ၏ စစ်ဆေးအတည်ပြုရေးလုပ်ငန်းများကို အပြည့်အဝ ပြန်လည်စတင်နိုင်ရေးအတွက် အထောက်အကူမဖြစ်ကြောင်း ကျွန်ုပ်တို့ အလေးအနက် ဖော်ပြလိုပါသည်။

ထိုလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်အတွက် စစ်ရေးတိုက်ခိုက်မှုအားလုံးကို အပြီးတိုင် ရပ်တန့်ခြင်း၊ ရန်လိုတိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟူသော ခြိမ်းခြောက်မှုအားလုံးကို ဖယ်ရှားခြင်းနှင့် အလားတူတိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုများ ထပ်မံမဖြစ်ပွားစေရန် ယုံကြည်စိတ်ချရသော အာမခံချက်များ ပေးအပ်ခြင်းတို့သည် မဖြစ်မနေ လိုအပ်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပါသည်။

၄။အထူးရှုပ်ထွေးပြီး ပုံမှန်မဟုတ်သော အခြေအနေများ ရှိနေသော်လည်း အီရန်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း ဘူရှဲဟ်ရ် အဏုမြူဓာတ်အားပေးစက်ရုံ၌ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက စီစဉ်ထားသော စစ်ဆေးမှုအားလုံးကို ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း ကျွန်ုပ်တို့ ပြန်လည်သတိပေးလိုပါသည်။ ယင်းအချက်ကို အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ်၏ အစီရင်ခံစာတွင်လည်း ဖော်ပြထားပါသည်။

ဤအချက်သည် အီရန်နိုင်ငံအပေါ် အင်အားသုံးရန် ဆက်လက်ခြိမ်းခြောက်မှုများနှင့် ကြီးမားသော အတားအဆီးများ ရှိနေသည့်ကြားမှပင် အီရန်နိုင်ငံသည် မိမိ၏ လုံခြုံရေးအာမခံချက်ဆိုင်ရာ တာဝန်ဝတ္တရားများကို မပြောင်းမလဲ လိုက်နာဆောင်ရွက်နေခြင်းနှင့် အေဂျင်စီနှင့် ရိုးသားစွာ ပူးပေါင်းဆောင်ရွက်နေခြင်းတို့၏ သက်သေတစ်ရပ်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယူဆပါသည်။

၅။လက်ရှိဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်အတွက် အပြန်အလှန်လေးစားမှုမူအပေါ် အခြေခံသည့် နိုင်ငံရေးနှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများသည်သာ ရေရှည်တည်တံ့နိုင်ပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် ကျန်ရှိနေကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် တာဝန်ယူမှုရှိစွာ ဆောင်ရွက်ကြရန်၊ မျှတပြီး အပြုသဘောဆောင်သည့် ချဉ်းကပ်မှုကို ကျင့်သုံးကြရန်နှင့် အီရန်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုမည့် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။

တစ်ချိန်တည်းမှာပင် လက်ရှိပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည့်အပြင် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ပိုမိုခက်ခဲရှုပ်ထွေးစေမည့် လုပ်ရပ်များနှင့် ပြောဆိုချက်များကိုလည်း ရှောင်ကြဉ်ရန် လိုအပ်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha