အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ မြန်မာ ကွန်ပျူတာ ပညာရှင်များ ရေးဆွဲထားသည့် “ငတက်ပြား” အမည် ရ မြန်မာဂိမ်း အမျိုးအစားသည် ကမ္ဘာကျော် အွန်လိုင်းစတိုး တစ်ခုဖြစ်သော Apple Store ပေါ်တွင် စတင် Download ရယူနိုင်သည့် နေ့မှ ရက်သတ္တပတ်ခန့်အတွင်း အသုံးပြုသူ တစ်သောင်းကျော်သွားပြီ ဖြစ်ကြောင်း ယင်းဂိမ်း ကို ရေးဆွဲသည့် ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးအောင်စည်သူကျော်က ပြောသည်။
Android Platform စနစ်ရှိ မိုဘိုင်းဖုန်းများအတွက် ဦးဆုံးထွက်ရှိလာသည့် အဆိုပါ ငတက်ပြား အမည်ရှိ ဂိမ်းကို Android နှင့် iOS စနစ် အသုံးပြုသူအများစုက ကြိုက်နှစ်သက်ကြပြီး Apple Store ပေါ်တွင် ရယူသုံးစွဲလာသူ အရေအတွက်မှာ တစ်ပတ်အတွင်း အရေအတွက် တစ်သောင်းကျော်လာရခြင်း ဖြစ်ကြောင်း ယင်းဂိမ်းသုံးစွဲနေသည့် မြန်မာလူငယ်အချို့က ဆိုသည်။ “မြန်မာတွေ ဆွဲထားတဲ့ ဂိမ်းဆိုတော့ ကစားတဲ့နေရာမှာ ပိုကောင်းပါတယ်။ ကစားရတာ ကြိုက်ပါတယ်။ ဒါပေမဲ့ ဂိမ်းထဲမှာ နောက်ထပ် Feature အသစ်တွေ ထပ်ထည့်ပေးရင် ကောင်းမယ်။ ဥပမာ ဝတ်စုံအသစ်တွေ ဝယ်လို့ရတာမျိုးပေါ့။ နောက်ပြီးတော့ သူ့ရဲ့ Graphic က နည်းနည်းကြမ်းသေးတယ်။ နောက်ထပ်ထွက်မယ့် ဗားရှင်းတွေမှာ ပိုကောင်းလာမယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာပညာရှင်တွေ ဒီလိုထိုးဖောက်လာတာ အရမ်းကောင်းပါတယ်” ဟု ငတက်ပြားဂိမ်းကို Apple Store ပေါ်တွင် download ရယူ အသုံးပြုနေသူ အမျိုးသားတစ်ဦးက ပြောသည်။
နိုင်ငံတကာ အရပ်ရပ်ရှိ မြန်မာများ ကစားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခဲ့သည့် ငတက်ပြားဂိမ်းသည် 2D Platform ပေါ်တွင် အခြေခံရေးဆွဲထားခြင်း ဖြစ်ပြီး ဂိမ်းတစ်ခုလုံးအား မြန်မာဘာသာဖြင့် ရေးဆွဲထားသည်။ ထို့အပြင် နောက်ခံ တီးလုံးများကိုပါ မြန်မာ့ဆိုင်းဝိုင်းသံများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ အဆိုပါ ဂိမ်းအမျိုးအစားသည် Android နှင့် iOS Platform စနစ် မိုဘိုင်းဖုန်းများပေါ်တွင် ကစားနိုင်သည့် Temple Run နှင့် Jetpack ကဲ့သို့သော အချိန်ပြည့် ပြေးလွှားနေရပြီး ရွှေထုပ်၊ ငွေထုပ်များကို စံချိန်တင်အများဆုံး ရရှိနိုင်အောင် ကစားရသည့် နိုင်ငံတကာ ဂိမ်းအမျိုးအစားများနှင့် ဆင်တူသည်။ အဆိုပါဂိမ်းမှာ စင်ကာပူနိုင်ငံ အခြေစိုက် Rival Edge PteLtd က ထုတ်လုပ်ထားသော ဂိမ်းဖြစ်သည်။