၈ ဧပြီ ၂၀၁၃ - ၁၉:၃၀
အဓိကရုဏ်းကြောင့် ထိခိုက်ဒဏ်ရာရသူထက် စိတ်ရောဂါခံစားရသူ ပိုများ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

အဓိကရုဏ်း ဖြစ်ပွားရာ ဒေသများတွင် ထိခိုက်ဒဏ်ရာ ရသူများထက် စိတ်ဝေဒနာ  ခံစားနေရသူ ပိုမိုများပြား လျက်ရှိကြောင်း တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ဗိုလ်ကြီး ဒေါက်တာ တင်ရဲအောင်က ပြောသည်။

”ကျွန်တော်တို့ အနေနဲ့ အဓိကရုဏ်း ဖြစ်ပွားတဲ့ နေရာတွေမှာ ရှိတဲ့ ပြည်သူ တွေရဲ့ ကျန်းမာ ရေးကို စောင့်ရှောက်မှု ပေးတဲ့နေရာမှာ ထိခိုက် ဒဏ်ရာရ သူတွေထက် စိတ်ရောဂါ ဖြစ်တဲ့သူ အရေအတွက်က ပိုများတယ် ဆိုတာ တွေ့ရတယ်။ အဓိက ကတော့ အကြမ်း ဖက်မှုတွေ ကို မျက်မြင် တွေ့ရှိတဲ့ အမျိုးသမီးနဲ့ ကလေးတွေ ကြားမှာ အကြောက် လွန်ပြီး စိုးရိမ် ထိတ်လန့် နေတာ။ စကားတောင် မပြောနိုင်ဘဲ ငေးငိုင်ပြီး ဝမ်းနည်း ပူဆွေးနေ တာတွေ ကတော့ အများဆုံးပဲ”ဟု ၄င်းကဆို သည်။

ထိုသို့ စိတ်ပိုင်း ဆိုင်ရာ ရောဂါ ဖြစ်ပွားမှု များအား ပျောက်ကင်းရန် အတွက် အချိန်ယူ ကုသရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း ကလည်း အလားတူ စိတ်ရောဂါ ခံစားရသူများ ရှိခဲ့ကြောင်း၊ သို့ရာတွင် စိတ်ရောဂါမှာ ရေရှည်ကုသရ သောရောဂါ ဖြစ်သည့် အတွက် လုံးဝ ပျောက်ကင်း စေရန် ပဋိပက္ခ များ ချုပ်ငြိမ်း၍ မိသားစု အပါအဝင် ပတ်ဝန်းကျင်တွင် နေထိုင် သူများကပါ ဝိုင်းဝန်း ကူညီပံ့ပိုးမှု များစွာ ပေးရန် လိုကြောင်း ၄င်းက ထပ်မံ ပြောသည်။

ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ကျော်စိုးက စိတ်ရောဂါသည် အကြောင်း အမျိုးမျိုးကြောင့်ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အဓိကရုဏ်း ဖြစ်ပွားရာ ဒေသများတွင် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလေ့ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စိတ်ရောဂါ ဖြစ်ပွားမှု အရေအတွက်ကို စစ်တမ်းများ ကောက်ယူနိုင်ခြင်း မရှိသော်လည်း စိတ်ကျန်းမာရေး ဆေးရုံသို့ ရောက်ရှိ လာသူ အရေအတွက်မှာ နှစ်စဉ် တိုးတက် များပြား လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွား မှုကြောင့် စိတ်ရောဂါ ဖြစ်ပွားမှု နှုန်းမှာ ပိုမို၍မြင့်မားလာ ဖွယ်ရှိသော်လည်း ကွင်းဆင်းကုသ ရေးအတွက် ရန်ပုံငွေ အခက်အခဲများ ရှိနေကြောင်း ပြောသည်။

မတ်လ ၂၁ ရက်ေ န့မှစတင်၍ မိတ္ထီလာအပါအဝင် မြို့နယ် ၁၅ မြို့နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်း ဖက်မှုကြောင့် ၄၃ ဦးသေဆုံး၍ ၈၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး (မွတ်စလင်)ဘာသာရေး အဆောက်အအုံ (ဗလီ) ၃၇ လုံး၊ အိမ်ခြေ အဆောက်အအုံ ၁၃၁၈ လုံးနှင့် မော်တော်ယာဉ် ၃၉ စီးပျက်စီးကာ လူဦးရေ ၁၁၃၇၆ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့သည်။