အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
၂၀၁၃ခုနှစ် သြဂုတ်လ ၉ရက်နေ့တွင် ကျရောက်ခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးရာအဖွဲ့အစည်းမှ ကြီးမှုး၍ ယနေ့ ( ၁၇.၈.၂၀၁၃) ရက်နေ့ နံနက်(၁၁း၃၀) တွင် တောင်ကြီးမြို့၊ မြို့မရပ်၊ ပြည်တော်အေးလမ်းရှိ “သီတာအေးခန်းမ” တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးရာအဖွဲ့အစည်းမှ ကျင်းပသော ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်သံဃာတော်ကြီးများ၊ တောင်ကြီးမြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်သံဃာတော်ကြီးများ၊ နိုင်ငံတော်ပရိယတ္တိ ၀န်ဆောင် ဆရာတော် သံဃာတော်ကြီးများ ၊ တောင်ကြီးမြို့ပေါ်ရှိ သိမ်တောင်ပရိယတ္တိစာသင်တိုက်၊ လောကမာရ်အောင်ကျောင်းတိုက်၊ ဓမ္မသုခကျောင်းတိုက်၊ မင်းကွန်းကျောင်းတိုက်၊ စူလာမုနိကျောင်းတိုက်၊ ဘုရားကြီးအနောက်ကျောင်းတိုက်၊ အေးစေတီစာသင်တိုက်၊ ရွှေမောင်းကျောင်းတိုက်တို့မှ ကျောင်းထိုင် ဆရာတော် သံဃာတော်ကြီးများ ကြွရောက်ချီးမြှင့်ပေးခဲ့ပြီး ရှမ်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊့ တောင်ကြီး ခရိုင်နှင့် တောင်ကြီ့းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အခြားဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်များ၊ (၈၈)လူငယ် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာအဖွဲ့မှ အဖွဲ့ဝင်လူကြီးများ၊ ခရစ်ယာန်ဘာသာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အစ္စလာမ်သာသာရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ဘာသာရေး – လူမှုရေး အသင်းအဖွဲ့ အသီးသီးမှ လူကြီးမင်းများ၊ မြို့မိမြို့ဖများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းနှင့်မီဒီယာအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။
ဝါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားတွင် ကြွရောက်ချီးမြှင့်ပေးတော်မူသော ဆရာတော် သံဃာတော်ကြီးများမှ ရှမ်းပြည်နယ် အတွင်း ငြိမ်းချမ်းသာယာ စွာမေတ္တာပေး ပို့၍ ဆုမွန်ကောင်းများ တောင်းဆုပြုချီးမြှင့်ပေးခဲ့ပါသည်။
အခမ်းအနားသို့ကြွရောက်ချီးမြှင့်ပေးတော်မူသော ဆရာတော် သံဃာတော်ကြီးများအား ရှမ်းပြည်နယ်အစ္စလာမ်ဘာသာရေးရာအဖွဲ့ဝင်များမှ အလှူတော်ငွေများလှူဒါန်းပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များအား အကျွေးအမွေးဖြင့် တည့်ခင်းဧည့်ခံပြီး ကြွှရောက်လာကျသော ဧည့်သည်တော်များမှ ချစ်ကြည်ရင်းနှီးစွာဖြင့် နေ့လည်စာ သုံးဆောင်ခဲ့ကျပြီး ဧည့်ခံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။