အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Tomas Quintana ဟာ သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေ အောင်မင်္ဂလာရပ်ကွက်ကို သွားရောက်ကြည့်ရှုနေစဉ် photo: RFA/ Min Thein Aung
အာဏာ၊ ကြွယ်ဝမှုနဲ့ အခွင့်ထူးခံစားခွင့်တွေကို လက်မလွှတ်ချင်သူတွေရဲ့ အပြောင်းအလဲအပေါ် တားဆီးမှုအသံတွေကို နားမယောင်ကြဖို့နဲ့ မိမိတို့ တစ်ဦးချင်းရရှိထားတဲ့ လွတ်လပ်ခြင်းကို အသုံးချပြီး အမှောင်ထဲမှာ ကျန်ခဲ့သူတွေကိုတွဲခေါ်ကြဖို့ မြန်မာနိုင်ငံသားလူငယ်တွေကို တိုက်တွန်းကြောင်း ဂျာမနီသမ္မတ Mr. Joachim Gauck က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဂျာမနီနိုင်ငံ သမ္မတ မစ္မတာ ဂျိုဝါချင် ဂေါက်ခ် Mr. Joachim Gauck က ဒီနေ့ မိန့်ခွန်းပြောကြားရာမှာ လူငယ်တွေ မိမိတို့တစ်ဦးချင်းစီ ပိုင်ဆိုင်တဲ့အင်အားကို ယုံကြည်ကြဖို့ တိုက်တွန်းပြောဆိုစဉ် ထည့်သွင်းပြောခဲ့တာပါ။ ဒီနေ့ရရှိထားတဲ့ အပြောင်းအလဲတွေဟာ ဒေါ်အောင် ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေ အကြောက်တရားကင်းကင်းနဲ့ ကြိုးပမ်းမှုသာမရှိခဲ့ရင် လက်တွေ့ဖြစ်လာစရာ အကြောင်း မရှိပါဘူးလို့လည်း ဒီမိုကရေစီအရေးကြိုးပမ်းမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တက္တသိုလ်ဟာ လွတ်လပ်ခြင်းအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းဝင်ကျောင်းဖြစ်ကြောင်းနဲ့ ဒီကျောင်းမှာ အခြေခံပြီးဖြစ်ပေါ်လာတဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ အဲဒီ အရေးတော်ပုံမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့သတ္တိကို မမေ့သင့်တဲ့အကြောင်းကို လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဂျာမနီသမ္မတဟာ မနေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးသန့်စီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဂျာမနီနိုင်ငံဟာ ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံကို ဒုတိယမြောက်အကူအညီအများဆုံးပေးတဲ့ နိုင်ငံဖြစ်ပြီး မြန် မာနိုင်ငံကပေးဖို့ကျန်နေတဲ့ အကြွေးယူရိုငွေ သန်း ၅၀၀ ဖြေလျှော့ပေးဖို့ကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးစဉ်မှာ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျာမန်ဘာသာစကား သင်ကြားပေးမယ့် ဂိုသေး အင်စတီကျု (Goethe-Institute) ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပြီဖြစ်သလို သတင်းမီဒီယာသမားတွေအတွက် သင်တန်းကျောင်းတခုကိုလည်း ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ဂျာမန်သမ္မတက ပြောကြားသွားခဲ့ပါတယ်။
ဂျာမနီသမ္မတရဲ့ မိန့်ခွန်းကို RFA အဖွဲ့သား ဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။