၂၂ ဖေဖော်ဝါရီ ၂၀၁၅ - ၀၄:၂၉
အကြမ်းဖက်တန်ပြန်စစ်ဆင်ရေး အမေရိကန်မူဝါဒ မွတ်စလင်ကွန်ကရက်အမတ် ဝေဖန်

အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မွတ်စလင်လွှတ်တော်အမတ်ဖြစ်သူက အိုဘားမားအစိုးရရဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ မဟာဗျူဟာကို လူသိရှင်ကြား ဝေဖန်ပြစ်တင်လိုက်ပြီး အမုန်းတရားအခြေခံ ရာဇ၀တ်မှုတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်နေတာဟာ အမေရိကန်က အစ္စလာမ်နဲ့ မွတ်စလင်ကမ္ဘာကို စစ်ဆင်နွှဲနေတယ်လို့ ပြောစရာဖြစ်လာအောင် ဖန်တီးပေးရာရောက်ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

=========================

အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မွတ်စလင်လွှတ်တော်အမတ်ဖြစ်သူက အိုဘားမားအစိုးရရဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ မဟာဗျူဟာကို လူသိရှင်ကြား ဝေဖန်ပြစ်တင်လိုက်ပြီး အမုန်းတရားအခြေခံ ရာဇ၀တ်မှုတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်နေတာဟာ အမေရိကန်က အစ္စလာမ်နဲ့ မွတ်စလင်ကမ္ဘာကို စစ်ဆင်နွှဲနေတယ်လို့ ပြောစရာဖြစ်လာအောင် ဖန်တီးပေးရာရောက်ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။

...“အစွန်းရောက် အကြမ်းဖက်တွေက အမေရိကန်ဟာ အစ္စလာမ်နဲ့ မွတ်စလင်ကို စစ်ဆင်နွှဲနေတယ်ဆိုပြီး ပြဿနာရှာတယ်၊ ဒါလုံးဝမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ခုခံပြောဆိုချင်ပါတယ်၊ ဒါဟာ စကားလုံးသက်သက် မဟုတ်ဘူး၊ အမှန်တကယ်ပါပဲ”လို့ မွတ်စလင်အများဆုံးနေထိုင်ရာ Minnesota ခရိုင်မှ ကိုယ်စားလှယ် အမတ်ဖြစ်သူ ကိတ်အဲလစ်ဆင်က ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့က အိမ်ဖြူတော်မှာ ကျင်းပတဲ့ အစွန်းရောက်အကြမ်းဖက်မှု တန်ပြန်ရေး ဆွေးနွေးပွဲမှာ ကိတ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

မကြာသေးခင်က အရှေ့အာဖရိကမှာလှုပ်ရှားနေတဲ့ အကြမ်းဖက်အုပ်စုတွေဆီ ငွေကြေးစီးဆင်းမှုမရှိစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုမာလီယာနိုင်ငံကို ငွေကြေးလွှဲပြောင်းမှုမလုပ်ဖို့ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကိုလည်း ကွန်ဂရက်အမတ်က ဝေဖန်ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဆိုမာလီယာကို ငွေလွှဲပို့တယ်ဆိုတဲ့ ကောလဟလနဲ့ ကျွန်တော်တို့ရဲ့ ငွေကြေးဝန်ဆောင်မှုစနစ်ကြီး ထိုးရပ်သွားပါတယ်”

“ဒါဟာ သက်ဆိုင်ရာ ဒေသအတွက် အရေးကြီးပါတယ်၊ တွေ့လား၊ မင်းတို့ရဲ့ ဆွေမျိုးတွေက မင်းတို့ဆီ ငွေလွှဲလို့မရအောင် အမေရိကန်က ပိတ်ဆို့ထားတယ် ဆိုပြီး အကြမ်းဖက်အစွန်းရောက်တွေအတွက် ပြောစရာ စကားရသွားပါတယ်။ သူတို့က အဲဒီလိုမပြောနိုင်အောင် ကျွန်တော်တို့ လုပ်နိုင်ရပါမယ်” လို့ ကိတ်က ပြောဆိုပါတယ်။

အမုန်းတရားအခြေခံ ရာဇ၀တ်မှု တန်ပြန်ရေး
=========================

ဒါ့အပြင် ကိတ်က ပြီးခဲ့တဲ့ Chapel Hill လူသတ်မှုမှာ သေဆုံးသွားတဲ့ မွတ်စလင်ကျောင်းသားလူငယ် ၃ ဦးကိစ္စနဲ့ပတ်သက်ပြီး အမုန်းတရားလှုံ့ဆော်မှု တန်ပြန်ကြဖို့အတွက်လည်း တိုက်တွန်းသွားပါတယ်။

“မွတ်စလင်တွေကို ဆန့်ကျင်တဲ့ မုန်းတီးရေးအခြေခံရာဇ၀တ်မှုတွေကို ဥပဒေနည်းလမ်းတကျ အရေးယူဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်၊ Chapel Hill မှာ ဖြစ်သွားတဲ့ လူသတ်မှုမှာဆိုရင် ကားပက်ကင်ပြဿနာတင်မကဘူးဆိုတာလည်း ကျွန်တော်တို့ ၀န်ခံဖို့ အရေးကြီးပါတယ်” လို့ ကွန်ဂရက်အမတ်က ဆိုပါတယ်။

“Razan၊ Yusor နဲ့ Deah တို့ဟာ နောက်ဆုံး သူတို့အသက်ထွက်သွားတဲ့တိုင်အောင် အစွန်းရောက် အကြမ်းဖက်မှုကို တန်ပြန်ရာမှာ နိုးကြား ရှင်သန်ဆဲ နမူနာဖြစ်ပါတယ်”

“အကြမ်းဖက်ဝါဒဆိုတာ မွတ်စလင်တချို့ဆီမှာပဲရှိတယ်ဆိုတဲ့ အယူအဆမှာပဲ အတွေးချော်မနေကြပါနဲ့”လို့ ကိတ်က သတိပေးပြောဆိုခဲ့ပါတယ်။

“အစွန်းရောက် အကြမ်းဖက်မှုကို အကောင်းဆုံး ကာကွယ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားမှုပါပဲ၊ အဲဒီလို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရင် ယုံကြည်ချက်အားလုံးက လူတွေအပေါ် လေးစားမှုနဲ့အတူ လုံခြုံတဲ့ ပိုမိုကောင်းမွန်တဲ့ အသိုင်းအ၀ိုင်းကို ကျွန်တော်တို့ ရရှိလာပါမယ်” လို့ ကွန်ဂရက်အမတ်က ပြောကြားခဲ့ပါတယ်။

Source : Onislam
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)