၂၆ စက်တင်ဘာ ၂၀၁၆ - ၁၈:၅၆
အေလက်ပိုတွင် ဆီးရီးယားလေတပ် ဗုံးကြဲမှုကို အရိုင်းအစိုင်းဆန်မှု တစ်ခုဟု ကုလသမဂ္ဂ ရှုတ်ချ

အေလက်ပိုမြို့ကို ဆီးရီးယား အစိုးရ လေတပ်က ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခြင်းသည် အရိုင်းအစိုင်းဆန်သည့် လုပ်ရပ်တစ်ခုဟု ကုလသမဂ္ဂက ရှုတ်ချလိုက်သည်။ အမေရိကန်နှင့် ရုရှားတို့ ဦးဆောင်ဆွေးနွေးခဲ့သော်လည်း သက်တမ်းတိုတောင်းစွာ အဆုံးသတ်သွားခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု နောက်ပိုင်းတွင် ဆီးရီးယား လေတပ်က သူပုန်တပ်များ ထိန်းချုပ်ထားရာ အေလက်ပိုမြို့ အရှေ့ပိုင်းကို ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေလက်ပိုမြို့ကို ဆီးရီးယား အစိုးရ လေတပ်က ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခြင်းသည် အရိုင်းအစိုင်းဆန်သည့် လုပ်ရပ်တစ်ခုဟု ကုလသမဂ္ဂက ရှုတ်ချလိုက်သည်။

အမေရိကန်နှင့် ရုရှားတို့ ဦးဆောင်ဆွေးနွေးခဲ့သော်လည်း သက်တမ်းတိုတောင်းစွာ အဆုံးသတ်သွားခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု နောက်ပိုင်းတွင် ဆီးရီးယား လေတပ်က သူပုန်တပ်များ ထိန်းချုပ်ထားရာ အေလက်ပိုမြို့ အရှေ့ပိုင်းကို ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့သည်။

စက်တင်ဘာ ၂၅ ရက် တိုက်ခိုက်မှုကြောင့် အဆိုပါ ဒေသတွင် အရပ်သား အများစု အပါအဝင် ၈၅ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ကြေညာခဲ့သည်။

စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးညီလာခံ အရေးပေါ် အစည်းအဝေး တစ်ရပ်တွင် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အေလက်ပိုရှိ အရပ်သားများ ထူထပ်ရာ ဧရိယာများတွင် ဘန်ကာများကိုပါ ဖြိုချနိုင်သည့် ဖျက်အားပြင်းဗုံးများ အသုံးပြုခဲ့ခြင်းကို ရှုတ်ချပြီး “ဒီလို အကြမ်းဖက်မှုတွေဟာ ခေတ်သစ် အရိုင်းအဆိုင်းဆန်မှုတွေ ဖြစ်တယ်”ဟု ဝေဖန်ပြောကြားခဲ့သည်။

ယခုအခါ ဆီးရီးယား အစိုးရကို အားပေးထောက်ခံသည့် ရုရှားအနေဖြင့် ဖိအားများနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ ရုရှားသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ်ကို လက်နက်နှင့် ငွေကြေးများ အဓိက ထောက်ပံ့နေသည့် မဟာမိတ်အဖြစ် ရပ်တည်နေသည်။

အမေရိကန်၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆမန်သာ ပါဝါက “ဆီးရီးယား အစိုးရကို ဒါမျိုးတွေ လုပ်နိုင်အောင် ရုရှားက ကူညီနေတာဟာ အကြမ်းဖက်မှုကို နှိမ်နင်းတာ မဟုတ်ဘူး။ အရိုင်းအစိုင်း ဆန်တာသာ ဖြစ်တယ်”ဟု စွပ်စွဲခဲ့သည်။ “ငြိမ်းချမ်းရေးဆီ ဦးတည်ရမယ့်အစား အာဆတ်နဲ့ ရုရှားအစိုးရဟာ စစ်ပွဲတွေပဲ ဖန်တီးနေတယ်။ အရပ်သားတွေအတွက် အရမ်းလိုအပ်နေတဲ့ အသက်ကယ် ကူညီထောက်ပံ့မှုတွေ ပေးပို့ရမယ့်အစား အာဆတ်နဲ့ ရုရှားအစိုးရဟာ ထောက်ပံ့ရေး ယာဉ်တန်းတွေ၊ အရပ်သားတွေကို ကူညီပေးဖို့ ကြိုးစားနေသူတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်”ဟု သူမက ဆိုသည်။

သို့သော် ရုရှား၏ ကုလသမဂ္ဂ သံအမတ်ကြီး ဗစ်တ်လေ ချာကင်က အမေရိကန်နှင့် မဟာမိတ် လေတပ်များ၏ ဗုံးကြဲ တိုက်ခိုက်မှုများကသာ ကုလသမဂ္ဂ ထောက်ပံ့ရေး ယာဉ်တန်းများကို အဓိက အနှောင့်အယှက် ပေးနေခြင်းဟု တုံ့ပြန် စွပ်စွဲသွားခဲ့သည်။

လတ်တလောတွင် အေလက်ပို ဗုံးကြဲမှု အပြီး၌ ဒေသတွင်းရှိ ဆေးရုံများတွင် လူနာများ ပြည့်နှက်နေကြောင်း သိရသည်။ “အေလက်ပိုမှာ လူတိုင်း စိတ်ဖိစီးမှု ခံစားနေရပြီ”ဟု လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ဆိုသည်။ “ဒေသခံ ပြည်သူတွေ အနေနဲ့ သူတို့ဟာ ဘာကြောင့်များ စစ်လေယာဉ်တွေရဲ့ ပစ်မှတ် ဖြစ်လာသလဲ ဆိုတာကို နားမလည်နိုင်ကြဘူး။ အေလက်ပို မြို့ထဲမှာ လျှောက်သွားကြည့်ရင် လူတိုင်းရဲ့ မျက်လုံးထဲမှာ အကြောက်တရားကို အထင်းသား မြင်နေရတယ်။ မနေ့ကဆိုရင် လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက် ငိုနေတာကို တွေ့ခဲ့တယ်။ သူ့ကိုယ်သူ ဘာကြောင့် ငိုနေမှန်းတောင် သဲသဲကွဲကွဲ သိပုံမပေါ်ဘူး။ မြို့ထဲမှာတော့ လူတိုင်းလိုလို ဒါမျိုးကြုံနေရတယ်”ဟု ၎င်းက ပြောကြားသွားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု သက်တမ်း မတိုးနိုင်တော့သည့်နောက် ရုရှား၏ ထောက်ပံ့မှုဖြင့် အေလက်ပိုတွင် စစ်ဆင်ရေးအသစ်များ ဆင်နွှဲမည်ဟု ဆီးရီးယား အစိုးရက ကြေညာခဲ့ပြီး လေးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ရာနှင့်ချီ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

==================
251/End