အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်တွေ၊ ဖေဖေါ်ဝါရီ ၂ ။ ။ ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင်နှင့် ဘူးသီးတောင်အကျဉ်းထောင်များ အပါအဝင် အချုပ်သားများ၏ ဆေးကုသခန်း၊ ရဲစခန်းများ၏ အချုပ်ခန်း၊ ဆေးရုံအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းများရှိ အကျဉ်းသားများအနေဖြင့် လူအခွင့်ရေးချိုးဖောက်ခံရမှုရှိမရှိကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ဖေဖော်ဝါရီ ပထမပတ်တွင် လာရောက်စစ်ဆေးမည် ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံတင်သွင်းသူ မစ္စယန်ဟီးလီ၏ ဇန်နဝါရီလက ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း အကျဉ်းထောင်အချို့သို့ လာရောက်ခဲ့ပြီးနောက်ပိုင်း များမကြာမီ ယခု ခရီးစဉ်ကို စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှုကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့ထိ ငါးရက်တိုင် ပြုလုပ်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။
“ ကျောက်ဖြူဘက်က အကျဉ်းထောင်မပါ ပါဘူး၊ ကျွန်တော်တို့ အဓိက သွားရောက်မှာက စစ်တွေ၊ ဘူးသီးတောင် အကျဉ်းထောင်ပါ၊ အချုပ်သားတွေနဲ့ ပတ်သက်တဲ့ တရားရုံးအချုပ်ခန်း၊ ဆေးကုသခန်းတွေကို သွားရောက်စစ်ဆေးမှာပါ။ အကျဉ်းသားတွေရဲ့ အခွင့်ရေးတွေပါ ပါတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်မှ ရခိုင်ပြည်နယ်သို့ သွားရောက်မည့် ဦးယုလွင်အောင်က RiA ကို ပြောသည်။
လူ့အခွင့်အရေးကော်မရှင်၏ စစ်တွေအကျဉ်းထောင်နှင့် ဘူးသီးတောင်အကျဉ်းထောင်သို့ လာရောက် စစ်ဆေးမှုမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ပထမအကြိမ် စစ်ဆေးခဲ့ကြောင်း ပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးသွင်၏ ပြောကြားချက်အရ သိရသည်။
“ ကျွန်တော်တို့ကတော့ ဥပေဒနှင့်အညီ ကုလသမဂ္ဂရဲ့ စံချိန်စံနှုန်းတွေနဲ့အညီ လူအခွင့်ရေး စံနှုန်းတွေနဲ့ အတိုင်း ကျွေးမွေးပြုစု စောင့်ရှောက်ထားပါတယ်။ အကျဉ်းထောင်တွေကိုတော့ လူအခွင့်ရေးကော်မင်ရှင်ရော၊ ICRC ရော၊ တရားသူကြီးတွေရော ပုံမှန်လာရောက်စစ်ဆေးလေ့ရှိပါတယ်။ လုပ်ရိုးလုပ်စဉ်ပါ” ဟု ဦးအေးသွင်က ပြောသည်။
ဘူးသီးတောင်အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင် စီးနင်းတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူ အကျဉ်းသား ၄၀၀ ကျော် ရှိနေပြီး အဆိုပါအကျဉ်းသားများနှင့် မစ္စယန်ဟီးလီတို့ နှစ်နာရီကြာ တွေ့ဆုံမှုကို ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ကြသေးသည်။
===================
251/End
၂ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၂၈
News ID: 809039
စစ်တွေ၊ ဖေဖေါ်ဝါရီ ၂ ။ ။ ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင်နှင့် ဘူးသီးတောင်အကျဉ်းထောင်များ အပါအဝင် အချုပ်သားများ၏ ဆေးကုသခန်း၊ ရဲစခန်းများ၏ အချုပ်ခန်း၊ ဆေးရုံအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းများရှိ အကျဉ်းသားများအနေဖြင့် လူအခွင့်ရေးချိုးဖောက်ခံရမှုရှိမရှိကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ဖေဖော်ဝါရီ ပထမပတ်တွင် လာရောက်စစ်ဆေးမည် ဖြစ်သည်။