၁၅ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၀၂
ဆရာ၊ ဆရာမများအကြား ဂယက်ထစေခဲ့သော ပညာရေးဝန်ကြီး၏ ပြောစကား

စွမ်းဆောင်ရည်မကောင်းသော ဆရာ၊ ဆရာများကို ဝေးလံသောဒေသများသို့ သူ့ထိုက်သူ့ကံပြောင်းရွှေ့စေမည်ဟု ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၏ ပြောဆိုမှုအတွက် ပညာရေးလောကတွင် ဝေဖန်သံများထွက်ပေါ်နေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စွမ်းဆောင်ရည်မကောင်းသော ဆရာ၊ ဆရာများကို ဝေးလံသောဒေသများသို့ သူ့ထိုက်သူ့ကံပြောင်းရွှေ့စေမည်ဟု ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၏ ပြောဆိုမှုအတွက် ပညာရေးလောကတွင် ဝေဖန်သံများထွက်ပေါ်နေသည်။

မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာခြားနေသော မြန်မာနိုင်ငံတွင် နိုင်ငံဝန်ထမ်းများအတွက် မြို့ပြ၌ တာဝန်ထမ်းဆောင်ခွင့်ရရေး သည် အထူးအခွင့်အရေးသဖွယ်ဖြစ်နေပြီး စွမ်းဆောင်ရည်မကောင်းသော ဆရာ၊ ဆရာမများအနေဖြင့် ကျေးလက်စာသင်ကျောင်းများတွင် တာဝန်ထမ်း ဆောင်ရဖွယ်ရှိနေခြင်းဖြစ်သည်။

ပညာရေးဝန်ကြီး၏ ပြောကြားမှုသည် ကျေးလက်နေ ကလေးငယ်များ၏ ပညာရေးအတွက် စိတ်မချမ်းမြေ့စဖွယ်ဖြစ်နေပြီး ဆရာ၊ ဆရာမများ၏ ရာထူးတိုးအပြောင်းအရွှေ့အတွက် ဗဟိုချုပ်ကိုင်မှုစနစ်ကို ဆက်လက်အကောင်အထည်ဖော်မည့် အသွင်ရှိနေသည်။

‘‘ဆရာ၊ဆရာမတွေရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတော့ တကယ်လို့များ အသင်အပြမကောင်းတဲ့ ဆရာတွေ၊ ဆရာမတွေဆိုရင် နယ်တွေရောက်မယ်၊ မိသားစုနဲ့ခွဲခွာရမယ်။ ဘယ်ဆရာ၊ဆရာမမှ ကိုယ့်တပည့်တွေကို မတတ်အောင် မသင်ဘူး။အားလုံးက စေတနာနဲ့ သင်ပေးတာတွေချည်းပဲ။ ဒီလိုသင်ပေးရက်နဲ့ ကလေးကိုယ်တိုင်က မလိုက်တဲ့အခါ ဆရာက အသင်အပြမကောင်းဘူးဖြစ်သွား ရောလား။ ဘယ်လိုစနစ်တွေနဲ့ တိုင်းတာမှာလဲ။ ဆရာဆိုတာလည်း ပုထုဇဉ်ဖြစ်တဲ့အတွက် သုံးလေးခါလောက်ရှင်းပြလို့မှ နားမ လည်ရင် မရှင်းပြချင်တော့ဘူး။အဲဒီတော့ဘယ်လိုသင်ရမလဲဆိုတာ ဆရာတွေဘက်က စဉ်းစားပြီး ကလေးတွေ အလွယ်တကူမှတ်မိအောင်သင်ပေးတဲ့ ဆရာတွေချည်းပါပဲ’’ဟု ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ အလယ်တန်းပြဆရာတစ်ဦးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမစုစုပေါင်း သုံးသိန်းသုံးသောင်းကျော်နှင့် အဆင့်မြင့်ပညာကဏ္ဍ၌ ဆရာ၊ ဆရာမ စုစုပေါင်း နှစ်သောင်းနှစ်ထောင်ကျော်ရှိနေပြီး ကျောင်းသား၊ ဆရာ အချိုးကွာဟချက်ကြီးမားနေသည်။

ယခင်အစိုးရအဆက်ဆက်ကတည်းက ဆရာ၊ ဆရာမများ၏ ရာထူးတိုး အပြောင်းအရွှေ့ကို ပညာရေးဝန်ကြီးဌာနက ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆရာ၊ ဆရာများအား အပြစ်ပေးသောအနေဖြင့် ဝေးလံသောဒေသများသို့ ပြောင်းရွှေ့စေခြင်းမျိုး ဆောင်ရွက်လေ့ရှိသည်။

‘‘ဝန်ကြီးပြောတဲ့ အဲဒီစကားအရနယ်ဝေးက ကလေးတွေက အဲဒီလိုအရည်အချင်းမရှိ စွမ်းဆောင်ရည် ဗလာနတ္ထိ ဆရာတွေနဲ့ပဲ ထိုက်တန်သလား။ မြို့ပေါ်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြို့ခံ၊နယ်ခံ ဆရာ၊ ဆရာမ တစ်ယောက်ကို အဲဒီလို နယ်ဝေးပို့မယ်ဆိုရင် သူဘာလုပ်မလဲ။ ဒီအတိုင်း ငြိမ်ခံမလား။ အဲဒီဆရာရယ်၊ ကျောင်းအုပ်ရယ်၊ မြို့နယ်ခရိုင် ပညာရေးမှူးတွေရယ် လာဘ်စားမှုတစ်ခုခု ဖြစ်မလာနိုင်ဘူးလား။ အဲဒီအချက်တွေ မစဉ်းစားသင့်ဘူးလား’’ဟု စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ အထက်တန်းပြ ကျောင်းဆရာ ဦးဆန်းမျိုးအောင်က ပြောသည်။

ခေတ်အဆ က်ဆက်စနစ်ဆိုးများကြောင့် နိမ့်ကျခဲ့သော မြန်မာ့ပညာရေးတွင် ဆရာ၊ဆရာမများ

ခန့်ထားမှု၊ ရာထူးတိုး အပြောင်းအရွှေ့များအတွက် လုပ်သက်ကို အခြေခံ၍ ၀န်ကြီးဌာနက စီမံခန့်ခွဲနေခြင်းဖြစ်ပြီး ယခုအခါစွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားရန် ဆောင်ရွက်လာခြင်းဖြစ်သည်။

‘‘အရင်ကတည်းက လုပ်သက်အရင့်၊ လုပ်သက်အနုနဲ့သွားထားတော့ နိုင်ငံတကာလို့ လုပ်ဖို့ ခက်နေဦးမှာပါပဲ။ သူတို့ကိုယ်တိုင်လုပ်သက်ကြောင့် ရာထူးရထားသူတွေလေ။ သူတို့ကိုယ်တိုင် သတိမထားမိလို့ပါ’’ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ဆရာမတစ်ဦးက ပြောကြားသည်။

သမ္မတဦးသိန်းစိန်တာဝန်ယူစဉ်ကာလကလည်း ဆရာ၊ ဆရာမများ ရာထူးတိုးပြောင်းရွှေ့မှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများရှိပြီး ရာထူးတိုးပြောင်းရွှေ့မှု မူဝါဒသစ်များ ချမှတ်ရန်ကြိုးပမ်းခဲ့သော်လည်း အရာမထင်ခဲ့ပေ။

ဒေါက်တာမျိုးသိမ်းကြီးသည် သချာင်္ပါမောက္ခအဖြစ်မှ ယခင်ပညာရေး သုတေသနဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဦးသိန်းစိန်အစိုးရကာလက နိုင်ငံတကာအဖွဲ့အစည်းပေါင်းစုံ ကူညီထောက်ပံ့ခဲ့သည့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR)၌ အဓိက ပါဝင်ခဲ့သူဖြစ်သည်။

ဒီချုပ်အစိုးရလက်ထက်တွင် ပညာရေးဝန်ကြီး ဖြစ်လာသော ဒေါက်တာမျိုးသိမ်းကြီး၏ ပြောစကားအတွက် အသေးစိတ်အစီအစဉ်များ ရေးဆွဲရဦးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

‘‘ဒါက ၀န်ကြီးရဲ့ ပြောစကားပဲရှိသေးတာလေ။ သေချာပေါက်အစီအစဉ်တွေ ဘာတွေကတော့ ရေးဆွဲရဦးမယ့် သဘောပေါ့’’ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

အစမ်းသပ်ခံနေရသော ပညာရေးစနစ်တွင် လူမှုဘ၀ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သော ဆရာ၊ ဆရာမများအတွက် အထောက်အပံ့များ လိုအပ်နေချိန်တွင် ပညာရေးဝန်ကြီး၏ ပြောစကားသည် ဆရာ၊ ဆရာမများအပေါ် သက် ရောက်မှု ပြင်းထန်ခဲ့သည်။

‘‘စွမ်းဆောင်ရည်ကောင်းရင် ဒီဘက်ကျောင်းကနေ ဟိုဘက်ကျောင်းကို ပြောင်း၊ မကောင်းရင် နည်းနည်းဝေးတဲ့ နေရာကိုသွား၊ စွမ်းဆောင်ရည်လည်း မကောင်းဘူး၊ စေတနာလည်း မရှိဘူး။ ကျောင်းသား၊ ကျောင်းသူတွေကို သင်ယူတတ်မြောက်အောင်လုပ် ပေးဖို့လည်း သတ္တိမရှိဘူး၊ အနစ်နာလည်း မရှိဘူးဆိုရင် ဝေးဝေးသွားတော့။ ဒါတော့ သူ့ထိုက်နဲ့သူ့ကံပဲ’’ဟု ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ ဗဟိုအဆင့်ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းသား၊ ဆရာအချိုး ကွာဟချက်ကြီးမားနေသကဲ့သို့ အမျိုးသားဆရာ သိသိသာသာရှားပါးနေသော မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ လုပ်ငန်းခွင်ကိုစွန့်ခွာမသွားစေရန် အစီအမံများ လိုအပ်နေဆဲဖြစ်သည်။

ထို့အပြင် ဆရာ၊ ဆရာမအလုပ်အကိုင်အခွင့်အလမ်းအတွက် စွမ်းဆောင်ရည်မြင့်မားသူများကို ဆွဲဆောင်နိုင်ရေး ပတ်ဝန်းကျင်အခြေအနေကောင်းများ ဖန်တီးပေးရန်နှင့် လုံလောက်သော လစာဝင်ငွေ ထောက်ပံ့ပေးရန်လည်း တာဝန်ရှိနေသည်။

ဆရာ၊ ဆရာမများ၏ ရာထူးတိုးအပြောင်းအရွှေ့အတွက် စွမ်းဆောင်ရည်ပေါ် ကြည့်ရှုဆုံးဖြတ်မည့် မူဝါဒနှင့်ပတ်သက်၍ ယင်းကဲ့သို့ဆုံးဖြတ်ပေးမည့် သူများ၏ စွမ်းဆောင်ရည်ကိုလည်း ပြန်လည်ကြည့်ရှုဆုံးဖြတ်လိုကြောင်း ဆရာမတစ်ဦးက ပြောသည်။

‘‘စွမ်းဆောင်ရည်ကို ကြည့်ပြီး ရာထူးတိုးပေးတာ ကောင်းတယ်။ဒါပေမဲ့စွမ်းဆောင်ရည်ကို ကြည့်ပြီး ရာထူးတိုးဆုံးဖြတ်ပေးမယ့် လူတွေရဲ့ စွမ်းဆောင်ရည်ကို မယုံကြတာ၊ သူတို့လည်း စွမ်း ဆောင်ရ ည်ဘယ်လောက်ကောင်း လဲဆိုတာ ပြန်ဆုံးဖြတ်ပေးရရင် ကောင်းမလား’’ဟု တက္ကသိုလ်မှ ဆရာမတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေသော အစိုးရအနေဖြင့် အဘက်ဘက်ကနိမ့်ကျနေသောပညာရေးစနစ်တွင် ကျူရှင်စနစ်ကြီးထွားနေမှု၊ ကျောင်းသား၊ ဆရာအချိုး ကွာဟချက်ကြီးမားနေမှု၊ အမျိုးသားဆရာ ရှားပါးနေမှု၊ ဆ ရာ၊ ဆရာမများ၏ လူမှုဘ၀နိမ့်ကျနေမှု၊ ကျောင်းထွက်နှုန်း မြင့်မားနေမှု၊ ဗဟိုဦးစီးစနစ်ကြီးစိုးနေမှု စသည့်စိန်ခေါ်မှုများ ရင်ဆိုင်နေရခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများ၏ ဆရာ၊ ဆရာမခန့်ထားခွင့်၊ အုပ်ချုပ်ရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ စီမံဆောင်ရွက်ခွင့်များကို ယခင်အတိုင်းဆက်လက်ချုပ်ကိုင်စီမံနေ ဆဲဖြစ်သည်။

ဆရာ၊ ဆရာမများအကြား ဂယက်ထသွားစေသော  ရာထူးတိုးအပြောင်းအရွှေ့အပေါ် ပညာရေးဝန်ကြီး၏ ပြောစကားသည် လာမည့်ပညာသင်နှစ်တွင် စတင်အသက်ဝင်လာမည်လား စောင့်ကြည့်ရမည်ဖြစ်သည်။

===================
251/End