အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တုံ့ဆိုင်းမှုကို ဖြစ်ပေါ်စေသော ပြည်ထောင်စုမှ ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလက်ခံသည့်ပုံစံဖြင့် ပြည်ထောင်စု သဘောတူစာချုပ်၌ ဖော်ပြရန် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူညီခဲ့ပြီး ယင်းကိစ္စကို လာမည့် နိုဝင်ဘာ၌ ထပ်မံညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ၊ တပ်မ တော်၊ လွှတ်တော်ခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့ ၁၀ ဦးတို့၏ ပထမဆုံးအကြိမ် ထိပ်သီးခေါင်း ဆောင်များ သီးသန့်ဆွေးနွေးမှုကို နေပြည်တော်၌ အောက်တိုဘာ ၁၅ နှင့် ၁၆ ရက်တွင် ကျင်းပခဲ့သည်။
‘‘ဆွေးနွေးမှု အောင်မြင် တယ်။ ခွဲမထွက်ရကိစ္စက ဆက် ဆွေးနွေးမယ်။ အဆင်ပြေသွားနိုင်တယ်လေ။ ဆက်ဆွေးနွေးဖို့အ တွက် သဘောတူတယ်’’ဟု ရခိုင် လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ပြော သည်။
ပအိုဝ်းအဖွဲ့ (PNLO) ဦး ဆောင်နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက ‘‘၇၀ ရာခိုင်နှုန်း အောင်မြင်မှုရှိတယ်။ ခွဲမထွက်ရကိစ္စက နှစ်ဖက်သဘောတူမယ့် နည်းလမ်းဆက်ရှာမှာပေါ့၊ ဆက်ဆွေးနွေး မှာပေါ့၊ ပြေလည်မှုကို ဦးတည်တာပေါ့’’ဟု ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ တွက် အခက်အခဲဖြစ်နေသည့် ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စ ရပ်ကို ပြေလည်မှုရရှိရေး ဆက် လက်ညှိနှိုင်းရန် ခေါင်းဆောင်များ အကြား သဘောတူခဲ့ခြင်းသည် အောင်မြင်မှုဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းက ဆိုသည်။
ခွဲမထွက်ရေးကိစ္စကို အချိန် ကြာမြင့်စွာ ဆွေးနွေးခဲ့ရပြီး ယင်း ကိစ္စသည် အရေးကြီး၍ NCA မထိုးရသေးသည့် အဖွဲ့များနှင့် တိုင်ပင်နိုင်ရေး အချိန်ပေးရန် NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များဘက်က တင်ပြသည်ဟု ၎င်းကဆိုသည်။
‘‘နိုဝင်ဘာလမကုန်ခင်မှာ ကျွန်တော်တို့တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့အ စည်း NCA လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့အဖွဲ့နဲ့ လက်မှတ်ရေး ထိုးပြီးသား ဆယ်ဖွဲ့တွေ့ဆုံပြီးလို့ ရှိရင် ကျွန်တော်တို့ အဲဒီမှာ တိကျ တဲ့အဖြေပေးနိုင်ဖို့အတွက် ကျွန် တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါ တယ်’’ဟု ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။
ခွဲမထွက်ရ စကားရပ်နှင့် ပတ်သက်ပြီး လာမည့် နိုဝင်ဘာ တွေ့ ဆုံပွဲတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဘက်မှ အဆိုပြုချက် သုံးချက်တင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က အဆိုပြုချက်သုံးချက် တင်ပြညှိ နှိုင်းမည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းကဆိုသည်။
‘‘ဥပမာအနေနဲ့ ပြောရရင် တော့ အရင်ကတော့ ဒီစကားလုံး ကို လုံးဝမပြင်ဘူးဆိုတဲ့ သဘော ထားမျိုးတွေ မဟုတ်တော့ဘူး။ မပြင်ဘူး။ ပြင်မယ်ဆိုတဲ့ သဘော ထားတွေ မဟုတ်တော့ဘူး။ သူ့ ဘက်ကလည်း သဘောထား၊ ခွဲ မထွက်နိုင်သော ပြည်ထောင်စု တို့၊ ဘာတို့ပေါ့နော်။ တစ်နည်းဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောတာဆိုရင် ကျွန်တော်တို့ ခွဲမထွက်ရတဲ့ ပြည်ထောင်စုမဟုတ်ဘဲနဲ့ ခွဲမထွက် ချင်တဲ့ ပြည်ထောင်စုမျိုး စသဖြင့်ပေါ့လေ။ မိမိနဲ့ သက်ဆိုင်ရာ အမြင်တွေ သုံးခုစီကို စုစည်းလာ မယ်’’ဟု ခွန်မြင့်ထွန်းက ရှင်းပြ သည်။
ယခင်က ခွဲမထွက်ရကိစ္စနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်အ တိုင်း ပြင်ဆင်ပြောင်းလဲမှု မလုပ် ဆောင်လိုကြောင်း အစိုးရ၊ တပ် မတော်ဘက်က ဆွေးနွေးခဲ့ရာမှ ယခုတွင် အားလုံးလက်ခံသည့် ပုံစံဖြင့် ဖော်ပြရန် စဉ်းစားကြခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘ကျွန်တော်တို့ ပိုပြီး တိုး တက်လာတာကတော့ ဒီကိစ္စကို လုံးဝမဆွေးနွေးဘူးဆိုတာလည်း မဟုတ်တော့ဘူး။ နဂိုစာသားအ တိုင်း တစ်လုံးမှ အပြောင်းအလဲ မခံဘူးဆိုတာလည်း မဟုတ်တော့ ဘူး။ ဒီ သူ့ဘက်၊ ကိုယ့်ဘက် Option သုံးခုစီ ယူလိုက်။ စုစု ပေါင်း အဲဒီခြောက်ချက်အပေါ်မှာ နှစ်ဖက်ပြန်ညှိပြီး တစ်ချက်တည်း ရအောင် ထုတ်နိုင်ဖို့။ ဒါက ပိုပြီး တိုးတက်သွားတယ်လို့ ပြောလို့ရ ပါတယ်’’ဟု ခွန်မြင့်ထွန်းက ပြော သည်။
ခွဲမထွက်ရေးကိစ္စ ပြေလည် မှုမရ၍ ၂၀၁၇ မေလက ကျင်းပ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေး၌ ခွဲမထွက်ရေးဆို သည့်အချက်နှင့် တိုက်ရိုက်ဆက် စပ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံ ဥပဒေရေးဆွဲရေး စသည့်ကိစ္စများ သည် သဘောတူညီချက်ရပြီးမှ ချန်လှပ်ခဲ့ရသည်။
ထိပ်သီးဆွေးနွေးပွဲတွင် အဓိ ကဆွေးနွေးခဲ့သော တစ်ခုတည်း သော တပ်မတော်ထားရှိရေးကိစ္စ နှင့် ပတ်သက်ပြီးလည်း နှစ်ဖက် ဆက်လက်ညှိနှိုင်းရန်သာ သဘောတူခဲ့သည်။
‘‘တစ်ခုတည်းသော တပ်မတော်ကိစ္စကို ကျွန်တော်တို့ တိုင်း ရင်းသားလက်နက်ကိုင်တော်လှန် ရေး အဖွဲ့အစည်းဘက်က တိုင်း ပြည်တစ်ခုမှာ တစ်ခုတည်းသော တပ်မတော်ရှိရမယ်ဆိုတာ ကျွန် တော်တို့ အပြည့်အဝ လက်ခံနိုင်တယ်။ သို့သော် အဲဒီတပ်မတော် ကို ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး တပ်မတော်ဖြစ်စေရမယ်၊ ဘယ် လိုပုံစံမျိုးနဲ့ ကျွန်တော်တို့ ဆက်ပြီး တော့ လုပ်ရမယ်ဆိုတဲ့အပိုင်းကျ တော့ ဆက်လက်ညှိနှိုင်းမယ်။ အဲဒီတပ်မတော်ကို တစ်ခုတည်း သော တပ်မတော်ရဲ့ ဖွဲ့စည်းပုံ တို့၊ အလုပ်လုပ်ရမယ့်ပုံစံတို့၊ ဘာ တို့ကို ဆက်ဆွေးနွေးမယ်ဆိုပြီး တော့ ကျွန်တော်တို့ သဘောတူ လိုက်ပါတယ်’’ဟု ရှင်းပြသည်။
ထိပ်သီးဆွေးနွေးပွဲအပြီး အောက်တိုဘာ ၁၆ ရက် ညနေတွင် အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးနှင့် NCA လက်မှတ်ထိုးအဖွဲ့ များကိုယ်စားလှယ် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။
ခွဲမထွက်ရကိစ္စမပါခြင်းမှာ တပ် ချုပ်ဆွေးနွေးပွဲတွင် ၀င်မထိုင်ခြင်းကြောင့်မဟုတ်ဟု ဦးဇော်ဌေးပြောခွဲမထွက်ရကိစ္စ တစ်ကြိမ် တည်းမပါခြင်းမှာ ဆွေးနွေးပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ၀င်မထိုင်ခြင်းကြောင့်မဟုတ် ဟု ဦးဇော်ဌေးက ပြောသည်။ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ဆွေးနွေးညှိ နှိုင်းရေးဖြစ်စဉ်တွင် လုပ်ပိုင်ခွင့်အ ပြည့်ဖြင့် တက်ရောက်ဆွေးနွေး ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြ သည်။ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် ခွဲမထွက် ရကိစ္စဆွေးနွေးသည့် ဆွေးနွေးပွဲ ဒုတိယနေ့တွင် တက်ရောက်ခဲ့ သည်။ ပထမနေ့တွင်မူ တက် ရောက်ခြင်းမရှိပေ။
‘‘ထို့အတွက်ကြောင့်မို့လို့ သူ (တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်) ပါခြင်း၊ မပါခြင်းက မဟုတ် ပါဘူး။ အဓိကနံပါတ်(၁) တိုင်း ရင်းသားတွေဘက်မှာလည်း ဒီအ တွက် ဒါတွေနဲ့ ပတ်သက်လို့ တိတိကျကျပြင်ဆင်ဖို့ အချိန်ကိုလည်း သူတို့က တောင်းတယ်။ အစိုးရ၊ တပ်မတော်ဘက်ကလည်း ကျွန် တော်တို့ဘက်က Proposal တင် တယ်။ အဲဒီ Proposal ကတော့ နှစ်ဖက်၊ နှစ်ခုလွှမ်းခြုံနိုင်တဲ့ဟာ မျိုးပေါ့။ သို့သော်လည်း အဲဒီဟာ ကို ရဖို့အတွက်က ခက်ခဲတယ်။ မူ အားဖြင့်တော့ လက်ခံတယ်။ ဒါပေမဲ့ နှစ်ဖက်လက်ခံနိုင်တဲ့ အတိုင်းအတာပေါ့နော်။ အဲဒီစာသားရဖို့လိုတယ်’’ဟု ဦးဇော်ဌေးက ပြောသည်။
ပဒိုစောကွယ်ထူးဝင်းက လည်း ‘‘ကျွန်တော်တို့ ဒီ ၁၉၄၇ ခုနှစ် နောက်ပိုင်း ၁၉၆၄ တိုင်းရင်း သားတွေရဲ့ တောင်းဆိုမှုက ခွဲ ထွက်ခွင့်မဟုတ်ဘူး။ ဒီမိုကရေစီ ဖက်ဒရယ်စစ်စစ်ဆိုတဲ့မူကို ကျွန် တော်တို့ စုပေါင်းပြီး ဖော်ဆောင် ဖို့ ဖြစ်ပါတယ်။ အခုအထိလည်း ဒါကို တောင်းဆိုတယ်။ အခုလက် ရှိအနေအထားမှာတော့ ဒီလိုအ နေအထားမရှိတဲ့အပေါ်မှာ ကျွန် တော်တို့ ဒါကို တောင်းဆိုတာ ဖြစ်တယ်’’ဟု ပြောသည်။
တိုင်းရင်းသားများအနေဖြင့် NCA တွင် ဖော်ပြထားသည့်အ တိုင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းမည်ဟု ၎င်းကဆိုသည်။
နှစ်ရက်ကြာ ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ပူး တွဲကြေညာချက်ထုတ်ပြန်ရာ ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ၂၀၂၀ မတိုင်မီညီလာခံသုံးကြိမ်ကျင်းပပြီး အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒ ရယ်ဆိုင်ရာအခြေခံမူများ ချမှတ် နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များကို သဘောတူညီခဲ့ ကြောင်း ဖော်ပြသည်။
ထို့အပြင် နိုင်ငံရေးဆွေးနွေး ပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များကို ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက် ရှိနိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမို ရှင်းလင်းလွယ်ကူအောင် ဆောင် ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေါင်းဆောင် များအကြား သဘောတူညီချက် များရယူပြီး ယင်းသဘောတူညီ ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရေးတို့ကိုလည်း သဘောတူညီခဲ့သည်ဟု ပါရှိ သည်။
လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ် ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှု များ စတင်ပြုလုပ်ရေး၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်ရေးအတွက် ကြိုး ပမ်းဆောင်ရွက်ရေးနှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာ အောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ရေးတို့ကိုလည်း သဘောတူညီခဲ့သည်ဟု ထုတ်ပြန်ခဲ့ သည်။
=======================
251 / End
ပြည်ထောင်စုမှ ခွဲမထွက်ရစကားရပ်ကို အားလုံးလက်ခံသည့်ပုံစံဖြင့် ပြည်ထောင်စု သဘောတူစာချုပ်တွင် ဖော်ပြရန် ထိပ်သီးဆွေးနွေးပွဲ သဘောတူ
၁၆ အောက်တိုဘာ ၂၀၁၈ - ၁၅:၀၉
News ID: 913072
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တုံ့ဆိုင်းမှုကို ဖြစ်ပေါ်စေသော ပြည်ထောင်စုမှ ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလက်ခံသည့်ပုံစံဖြင့် ပြည်ထောင်စု သဘောတူစာချုပ်၌ ဖော်ပြရန် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူညီခဲ့ပြီး ယင်းကိစ္စကို လာမည့် နိုဝင်ဘာ၌ ထပ်မံညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ သည်။