၁၁ ဇူလိုင် ၂၀၁၉ - ၁၆:၄၆
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရေရှည်ရပ်တန့်နေမှု ကျော်လွှားနိုင်မည့်နည်းလမ်းကို အစိုးရက KNU ထံ အဆိုပြု

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် KNU ခေါင်းဆောင် စောမူတူးစေးဖိုးကို ၂၀၁၆ အ တွင်းကျင်းပသည့်၂၁ရာစုပင်လုံအခမ်းအနားတွင်တွေ့ရ စဉ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်အတွင်း ပါဝင်မှုကို ယမန်နှစ်အတွင်း၌ KNU ဘက်က ရပ်ဆိုင်းပြီးနောက် တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ရန်ဆုံးဖြတ်ထားသည့် ၂၁ ရာစုပင်လုံအစည်းအဝေးများ မကျင်းပနိုင်သည်မှာ တစ်နှစ်နီးပါးကြာပြီဖြစ်သည်။ (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရေရှည်ရပ်တန့်နေမှုကို ကျော်လွှားနိုင်ရေး ဆိုင်ရာအဆိုပြုချက် ကို အစိုးရနှင့် ကရင်အမျိုးသားအ စည်းအရုံး (KNU) ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ ကြောင်း အစိုးရကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရနှင့် KNU ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ (ဇူလိုင်၉ ရက်)က ရန်ကုန်မြို့၌ အလွတ်သဘော တွေ့ဆုံခဲ့သည်။ KNU က ၂၀၁၈ နိုဝင်ဘာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ၌ ပါဝင်မှု ယာယီရပ်ဆိုင်းကြောင်း ကြေညာပြီးနောက် ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည်အစပြုနိုင်ရေး အလွတ် သဘော ဆွေးနွေးညှိနှိုင်းခဲ့ရာ ယခု တွေ့ဆုံမှုသည် ရှစ်ကြိမ်မြောက် ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေခြင်းနှင့်ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖက်စလုံးတွင်တာဝန်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရေရှည်ရပ်တန့်နေ သည့်အပေါ် လမ်းကြောင်းမှန်ပြန် ရောက်ရှိရေး ဆောင်ရွက်ရမည့် အဆိုပြုချက်များကို ကမ်းလှမ်းခဲ့ ကြောင်း ဦးဇော်ဌေးက ပြော သည်။

‘‘စိုးရိမ်ချက်တွေ၊ ပြဿနာတွေ အကုန်လုံး လက်ခံတယ်။ အစိုးက အသိအမှတ်ပြုတယ်။ ဒီလိုမျိုး အဆင်မပြေမှုတွေ ရှိနေတာ လက်ခံတယ်။ လက်ခံတဲ့အတွက် အဲဒါတွေ ပြေလည်အောင် ဘယ်လိုကျော်လွှားမလဲဆိုတဲ့ နည်းလမ်းတွေ စဉ်းစားပြီး အဆိုပြုထားတာ’’ ဟု ၎င်းကဆိုသည်။

NCA အကောင်အထည်ဖော် မှုကို အဓိပ္ပာယ်ဖွင့်ဆိုရေး   ကြားကာလဆိုင်ရာနှင့် လုံခြုံရေဆိုင်ရာများ ဆွေးနွေးရန်၊ ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်အခြေခံမူများ ရရှိရေး ဆောင်ရွက်ရန်၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာလတွင် ဆောင်ရွက်မည့် အစီအမံများ ဆွေးနွေး ရန်၊ NCA လက်မှတ်ထိုးပြီးသည့်တိုင်းရင်း သားဒေသများရှိ ပြည်သူလူထုများအနေဖြင့်  ငြိမ်းချမ်းရေး အသီးအပွင့်များ လက်တွေ့မြေပြင်တွင် ခံစားနိုင်ရေး ဆိုင်ရာစီမံကိန်းများ ဆောင်ရွက်ရန်စသည့် အဆိုပြုချက်များကို ရှင်းပြခဲ့သည် ဟု ဦးဇော်ဌေးက ပြောသည်။

ရန်ကုန်အလွတ်သဘော ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး KNU ကလည်း သတင်းထုတ်ပြန်ရာ NCA စာချုပ်တွင် ပါဝင်သည့် ကြားကာလဆိုင်ရာ အယူအဆ၊ အမြင်သဘောထားများနှင့်     ယုံကြည်မှုတည်ဆောက်ရေး အားကောင်းလာစေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

အစိုးရနှင့် KNU ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်တွင် ထပ်မံတွေ့ဆုံရန် ဆွေးနွေးခဲ့သည်။

=======================
251 / End