အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၂၀-၂၁ ခု ဘဏ္ဍာနှစ်အတွက် အစိုးရဌာနနဲ့ ဗဟိုအဖွဲ့အစည်းတွေရဲ့ အသုံးစရိတ် ကျပ် သန်းပေါင်း ၃၄၆၅၂၃၉၃ ဒသမ ၀၀၂ ကိုခွင့်ပြုပေးဖို့ ဇူလိုင် ၁၃ ရက်နေ့က ပြန်လည်စတင်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တင်ပြတောင်းခံလိုက်ပါတယ်။
ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့အစည်းတွေရဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက်တောင်းခံတဲ့ အသုံးစရိတ်လျာထားချက်မှာ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၂၅၅၈၃၀၀၃ ဒသမ ၂၄၀၊ ငွေလုံးငွေရင်းအသုံးစရိတ် ၇၈၈၉၄၄၅ ဒသမ ၉၆၂၊ ကြွေးမြီအတွက် ကျပ်သန်းပေါင်း ၁၁၇၉၉၄၃ ဒသမ ၈၀၀ ဖြစ်တဲ့အတွက် စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၃၄၆၅၂၃၉၃ ဒသမ ၀၀၂ ဖြစ်ပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်မှုရှိပြီး ပုံမှန်ရနေတဲ့ အခွန်အခတွေ လျော့နည်းနိုင်တာ၊ ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းတာကြောင့် သဘာဝဓါတ်ငွေ့ရောင်းရငွေ လျော့နည်းနိုင်တာ စတာတွေကြောင့် အစိုးရရဲ့ ရငွေတွေ လျော့နည်းနိုင်တဲ့ အခြေအနေနဲ့ တစ်ဘက်မှာလည်း အသုံးစရိတ်တွေကို အစိုးရက ဦးဆောင်သုံးစွဲပေးမှသာ နိုင်ငံတော်ရဲ့ ဂျီဒီပီတိုးတက်မှုအပေါ်ထိခိုက်မှုကို ကာကွယ်ထိန်းချုပ်နိုင်မယ့် အခြေအနေတို့ကို တွက်ဆပြီး ယခင်နှစ်နည်းတူ လိုငွေနဲ့ ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းအထက် ကျော်လွန်ရေးဆွဲတင်ပြထားပါတယ်။” လို့ ပြောပါတယ်။
အခုလို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တောင်းခံငွေထဲမှာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအတွက် နိုင်ငံတော်က စတင်မတည်ငွေ ကျပ် ဘီလီယံ ၁၀၀၊ မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာရန်ပုံငွေအတွက် နိုင်ငံတော်မှ မတည်ငွေ ကျပ် ၃ ဘီလီယံတို့ကို တင်ထည့်သွင်းလျာထားခဲ့တယ်လို့လည်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါ တယ်။
အစိုးရအနေနဲ့ ပြန်ဆပ်ရမယ့် ပြည်ပကြွေးမြီစုစုပေါင်းမှာလည်း အမေရိကန်ဒေါ်လာ ၁၀၀၀၃၈၇၁၉၄၁ ဒသမ ၇၉ ရှိတယ်လို့ ဒုဝန်ကြီးက ပြောကြားချက်အရ သိရပါတယ်။
***********************************************************
END / 251