၂၅ ဇွန် ၂၀၂၆ - ၂၃:၀၀
အာရှုရာနေ့တွင် ရိုဇဟ်ထားသူများ သည် မည်သူများဖြစ်ပါသနည်း?

အာရှုရာနေ့ ရိုဇဟ်ထားခြင်း၏ နောက်ကွယ်သမိုင်းကို မသိဘဲ၊ မစိစစ်ဘဲ၊ ကိုယ့်ဆရာပြောသမျှကိုသာ အမှန်ထင်ပြီး လိုက်နာနေကြသူများ အလွန်များပြားနေပါတယ်။ ရိုးသားဖြူစင်လွန်းသော မွတ်စလင်မ် အများစု သည် ဤရိုဇဟ်သည် ဘယ်ကစလာသနည်း? ဘယ်သူက စတင်ပြုလုပ်သနည်း? ဘယ်ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ကြသနည်း? ဆိုသည်ကိုတောင် မေးမြန်းစူးစမ်းခြင်း မရှိကြပေ။ ထို့ကြောင့် အမှန်တရားကို သိရှိစေရန် ဤအကြောင်းကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) ၏ မြေးတော်များ၏ လမ်းစဉ်ကို ဆက်ခံသူ၊ ဉာဏ်ပညာနှင့် သမ္မာတရား၏ အိမ်တော်မှ ဆင်းသက်လာသူ၊ စွန်နီများ၏ အေမာမ်လေးပါးထဲမှ တစ်ပါးဖြစ်သော အေမာမ် အဘူဟနီဖာ၏ ဆရာလည်းဖြစ်သည့် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ၏ ရီဝါယသ်တစ်ခုတွင် အလွန်ကြောက်မက်ဖွယ် အမှန်တရားတစ်ရပ် ဖော်ထုတ်ထားပါတယ်။

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်မှာ -

ان آل امیة علیهم لعنة الله ومن اعانهم علی قتل الحسین من اهل الشام، نذروا نذرا ان قتل الحسین (علیه‌السّلام) وسلم من خرج الی الحسین (علیه‌السّلام) وصارت الخلافة فی آل ابی سفیان، ان یتخذوا ذلک الیوم عیدا لهم، وان یصوموا فیه شکرا.

အဓိပ္ပာယ်မှာ -

ဗနီအိုမိုင်ယဟ်(လ.န) နှင့် အေမာမ် ဟိုစိုင်းန်(အ.စ) အား သတ်ဖြတ်ရာတွင် ပါဝင်ကူညီခဲ့ကြသူများသည် အဓိဋ္ဌာန်ပြုခဲ့ကြသည်။ “အကယ်၍ ဟိုစိုင်းန်(အ.စ) ကို သတ်ဖြတ်နိုင်ခဲ့မည်၊ ခေလာဖသ်ရာထူးသည် အဗူစိုဖီယာန်၏ မျိုးနွယ်တွင် တည်မြဲသွားမည်ဆိုလျှင်၊ ထိုနေ့ကို မိမိတို့အတွက် အီးဒ်နေ့အဖြစ် သတ်မှတ်ကြမည်၊ ထိုနေ့တွင် ကျေးဇူးတင်သည့်အနေဖြင့် ရိုဇဟ်ထားကြမည်” ဟူ၍ ဖြစ်သည်။

ကျမ်းကိုး

                                                                                                                                                                                        طوسی، محمد بن حسن، امالی، ص۶۶۷، رقم ۱۳۹۷/۴

စဉ်းစားကြည့်ပါ။

အာရှုရာနေ့ ရိုဇဟ်သည် ဘယ်သူ့ရိုဇဟ်နည်း?

တမန်တော်မြတ်(ဆွ) ၏ အိမ်တော်ကို ချစ်မြတ်နိုးသူများ၏ ရိုဇဟ်လား?

သို့မဟုတ် အေမာမ် ဟိုစိုင်းန်(အ.စ) ၏ သွေးကို သွန်းလောင်းခဲ့ကြသူများ၏ ရိုဇဟ်လား?

ဟိုစိုင်းန်(အ.စ) အသတ်ခံရသည့်နေ့ကို “အောင်ပွဲနေ့” အဖြစ်ယူသူများ၊ “ကျေးဇူးတင်ရမည့်နေ့” အဖြစ်ယူသူများ၊ “အီးဒ်” အဖြစ်သတ်မှတ်သူများကပင် ထိုနေ့တွင် ရိုဇဟ်ထားကြသည်ဆိုလျှင်၊ ယနေ့ ထိုရိုဇဟ်ကို လက်ခံ ကျင့်သုံး နေသူများသည် မည်သူတို့၏ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေကြသနည်း? ဆိုသည်ကို အလေးအနက် မေးခွန်းထုတ်ရမည်ဖြစ်ပါတယ်။

တမန်တော်မြတ်(ဆွ) ၏ မြေးတော်၊ ဂျန္နသ် လူငယ်တို့၏ ခေါင်းဆောင်၊ သမ္မာတရားအတွက် မိမိအသက်ကိုပင် စွန့်လွှတ်ခဲ့သည့် အေမာမ် ဟိုစိုင်းန်(အ.စ) ရက်ရက်စက်စက် အသတ်ခံခဲ့ရသောနေ့တွင် ပျော်ရွှင်နေသူ၊ အဝတ်ကောင်းဝတ်သူ၊ အစားကောင်းအသောက်ကောင်း ပြုလုပ်သူ၊ ရိုဇဟ်ထား၍ “ဘာရကသ်နေ့” ဟု ထင်မြင်သူသည် ကိုယ်တော်မြတ်(ဆွ) ၏ နှလုံးသားဘက်တွင် ရပ်တည်နေသူ မဟုတ်နိုင်ပေ။

မိမိ၏ အိမ်သားတစ်ဦးတစ်ယောက် အသတ်ခံရသည့်နေ့ကို မည်သူက အခမ်းအနားလုပ်မည်နည်း?

မည်သူက အဝတ်အသစ်ဝတ်မည်နည်း?

မည်သူက ပျော်ပွဲရွှင်ပွဲဆန်ဆန် စားသောက်မည်နည်း?

ထိုသို့ မလုပ်နိုင်လျှင်၊ တမန်တော်မြတ်(ဆွ) ၏ အသည်းနှလုံးတစ်စိတ်တစ်ပိုင်းဖြစ်သည့် အေမာမ် ဟိုစိုင်းန်(အ.စ) ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည့်နေ့တွင် ထိုသို့ပြုလုပ်နေသူများသည် မည်သည့်စိတ်ဖြင့် ပြုလုပ်နေကြသနည်း?

အာရှုရာနေ့သည် ပျော်ရွှင်ရမည့်နေ့ မဟုတ်။

အာရှုရာနေ့သည် အလှဆင်ရမည့်နေ့ မဟုတ်။

အာရှုရာနေ့သည် ဟင်းကောင်းစား၊ အဝတ်ကောင်းဝတ်၊ ရိုဇဟ်ထားပြီး ဝမ်းမြောက်စရာနေ့ မဟုတ်။

အာရှုရာနေ့သည် ဝမ်းနည်းကြေကွဲရမည့်နေ့ဖြစ်ပါတယ်။

အာရှုရာနေ့သည် သွေးကြွေးကို သတိရရမည့်နေ့ဖြစ်ပါတယ်။

အာရှုရာနေ့သည် အမှန်တရားနှင့် မုသာဝါဒ တိုက်ပွဲကို သတိရရမည့်နေ့ဖြစ်ပါတယ်။

အာရှုရာနေ့သည် ယဇီးဒ်၏ လမ်းစဉ်နှင့် ဟိုစိုင်းန်(အ.စ) ၏ လမ်းစဉ် အကြား မိမိဘယ်ဘက်မှာ ရပ်တည်နေသည်ကို မိမိကိုယ်ကို မေးရမည့်နေ့ဖြစ်ပါတယ်။

ထို့ကြောင့် အာရှုရာနေ့တွင် ရိုဇဟ်ထားခြင်းကို သတိမပြုဘဲ လက်ခံကျင့်သုံးမိခြင်းမှ အထူးရှောင်ကြဉ်ရပါမည်။ အဲဒီနေ့တွင် အေမာမ် ဟိုစိုင်းန်(အ.စ) နှင့် အိမ်တော်သူအိမ်တော်သားများ၊ သာဝကတော်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ရေငတ်၊ အစာငတ်၊ ဝိုင်းရံပိတ်ဆို့ခံရပြီး နောက်ဆုံး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည့် အဖြစ်ဆိုးကို အောက်မေ့၍ ဝမ်းနည်းဖွယ် ဖာကဟ်အဖြစ် နေထိုင်သင့်ပါတယ်။

ဆိုလိုသည်မှာ မနက်အစောပိုင်းမှစ၍ မစားမသောက်ဘဲ ဝမ်းနည်းသတိရစိတ်ဖြင့် နေထိုင်ပြီး အဆ်ရ်အချိန် ရောက်မှသာ စားသောက်ခြင်းဖြစ်သည်။ ဤသည်မှာ ပျော်ရွှင်မှု၏ သင်္ကေတမဟုတ်ဘဲ ဝမ်းနည်းအောက်မေ့မှု၏ သင်္ကေတ ဖြစ်ပါတယ်။

သတိထားပါ။

ဟိုစိုင်းန်(အ.စ) ၏ သွေးကျခဲ့သည့်နေ့တွင် ပျော်ရွှင်သူသည် ဟိုစိုင်းန်(အ.စ) ၏ လူမဖြစ်နိုင်။

ဟိုစိုင်းန်(အ.စ) ၏ မိသားစု ကြေကွဲခဲ့သည့်နေ့တွင် အီးဒ်လုပ်သူသည် တမန်တော်မြတ်(ဆွ) ၏ စစ်မှန်သော ချစ်သူမဖြစ်နိုင်။

ဟိုစိုင်းန်(အ.စ) အသတ်ခံရသည့်နေ့တွင် ရိုဇဟ်ထား၍ ကျေးဇူးတင်စိတ် ပြသူသည် မည်သူတို့၏ အမွေအနှစ်ကို ဆက်ခံနေကြောင်း မိမိကိုယ်တိုင် စူးစမ်းရမည်ဖြစ်သည်။

အကယ်၍ အာရှုရာနေ့ ရိုဇဟ်သည် အမှန်တကယ် အလ္လာဟ်နှစ်သက်သော အမလ်တစ်ခုဖြစ်ခဲ့မည်ဆိုလျှင်၊ အဟ်လေ့ဘိုက်(အ.စ) တို့က အရင်ဆုံး ပြုလုပ်ပြသကြမည်ဖြစ်သည်။ သို့သော် မိမိတို့ရှေ့တွင် ထင်ရှားစွာ မြင်ရသည်မှာ အာရှုရာသည် ဝမ်းနည်းဖွယ်ရာ၊ သွေးစွန်းဖွယ်ရာ၊ မျက်ရည်ကျဖွယ်ရာ နေ့တစ်နေ့ဖြစ်ပါတယ်။

ထို့ကြောင့် အာရှုရာနေ့တွင် ပျော်ရွှင်မှု မပြုလုပ်ပါနှင့်။

အဝတ်ကောင်း မဝတ်ပါနှင့်။

အစားကောင်းအသောက်ကောင်းဖြင့် မကျင်းပပါနှင့်။

မသိဘဲ မစိစစ်ဘဲ ရိုဇဟ်မထားမိပါစေနှင့်။

ဟိုစိုင်းန်(အ.စ) ဘက်တွင် ရပ်တည်ပါ။

ယဇီးဒ်၏ အရိပ်အောက်သို့ မဝင်ပါနှင့်။

တမန်တော်မြတ်(ဆွ) ၏ မျက်နှာတော်ရှေ့တွင် အရှက်မကွဲစေရန် အာရှုရာနေ့၏ အမှန်တရားကို သိရှိနားလည်ပြီး မှန်ကန်သော သဘောထားဖြင့် ရပ်တည်ကြပါစို့။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha