အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ Air Bagan လေကြောင်းလိုင်းက ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ် အတိုင်း ပျံသန်းသည့် F-100 အမျိုးအစား လေယာဉ် (အမှတ် XY-AGC ခရီးစဉ် အမှတ် 011) သည် ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ် အချိန် က ဟဲဟိုး လေယာဉ်ကွင်းသို့ ဆင်းသက် ရာ နှင်းများ ထူထပ်စွာ ကျရောက်နေခြင်းကြောင့် လေယဉ်ပြေးလမ်းဘေး လယ်ကွင်းသို့ မှားယွင်း ဆင်းသက်စဉ် ဟဲဟိုး -အောင်ပန်း ကားလမ်းအနီး သစ်ပင်များနှင့် ဝင်တိုက်မိရာ အမြီးပိုင်း ကျိုး၍ မီးလောင် ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံ မီဒီယာများ ကထုတ်ပြန် ကြေညာသည်။
အရေးပေါ် ထွက်ပေါက်တွေပါ မီးလောင်နေလို့ အခက်တွေ့နေတုန်း လေယာဉ်ရပ်သွားတော့ နိုင်ငံခြားသားနှစ်ဦး က လေယာဉ် ထွက်ပေါက်ကနေ ခုန်ဆင်းတာ တွေ့တယ်။ တစ်ခြားခရီးသည်တွေလည်း လိုက်ခုန်ဆင်းတာ တွေ့တယ် “ အဆိုပါ လေယာဉ်နှင့် လိုက်ပါခဲ့သူ ခရီးသည် တစ်ဦးက ဆိုသည်။
အဆိုပါ လေယာဉ် မီးလောင်မှုကြောင့် တောင်ကြီးမြို့စဝ်စံထွန်း ဆေးရုံသို့ ရောက်ရှိနေသော ခရီး သည် ခုနှစ်ဦး အမည်စာရင်း မှာ LOKOS/ ALLAN MR (အမေရိကန်နိုင်ငံသား) ၊WEISS/ SUSANNA CHOJNIC(အမျိုးသမီး) (အမေရိကန်နိုင်ငံသား)၊ ကိုစိုးမိုးသူ၊ EVELYNE/MOR MS (အမျိုးသမီး)(ဗြိတိန်နိုင်ငံသား)၊ မတိုးတိုးခင်၊ မခင်အေးလှိုင်၊ LU/HANCAUN MR (ကိုရီးယားနိုင်ငံသား) ၊ဦ့းမြင့်ထွေး၊ GERARD/ BODET MR( ဗြိတိန်နိုင်ငံသား)၊တို့နှင့် လေယာဉ် အမှုထမ်း လေယာဉ်မှူး မောင်မောင်ထွေး တွဲဖက် လေယာဉ် မှူး နေလင်းထွန်းတို့ ဖြစ်ကြောင်း Air Bagna လေကြောင်း လိုင်းမှ ထုတ်ပြန် ကြေညာသည်။
လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့သော ဟဲဟိုးခရီးစဉ်မှ ခရီးသည် ၂၄ ဦး ကို Asian Wings လေကြောင်းဖြင့် ဟဲဟိုးလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လာနေပြီ ဖြစ်ပြီး ၄င်းခရီးသည်များမှာ အထိတ်တလန့်ဖြစ်ခဲ့ခြင်း နှင့် အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိခြင်းများ ရှိခဲ့ခြင်းကြောင့် Air Bagan ပုဂံလေကြောင်းလိုင်းမှ ၄င်းတို့၏ နေအိမ်နှင့် တည်းခိုရာ ဟိုတယ်များသို့ တိုက်ရိုက် မပြန်စေဘဲ ဝိတိုရိယ ဆေးရုံကြီးတွင် လိုအပ်သော စစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးရန် စီစဉ်ဆောင် ရွက်ထားပြီး ၊ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ခရီးသည်များ သွားလိုရာသို့ လေ ကြောင်းလိုင်း တာဝန်ရှိ သူများက လိုက်လံ ပို့ဆောင် ပေးမည် ဖြစ်ကြောင်း Air Bagan လေကြောင်းလိုင်းမှ သတင်း ထုတ်ပြန်ထားသည်။
ယင်းလေယာဉ်မှာ သာမန်ထက် နိမ့်ဆင်းသဖြင့် ဓါတ်ကြိုးနှင့်ညိကာ အရေးပေါ် အခြေအနေ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေး အရာရှိတစ်ဦးက ပြောပြသည်။
လေယာဉ်ပေါ်ပါ ခရီးသည်နှင့် လေယာဉ်အမှုထမ်း (၇၁)ဦး ပါရှိပြီး (၁၁)ဦး ဒဏ်ရာရ ရှိ၍ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ သို့ ပို့ဆောင် ထားရှိ ထားကြောင်း ကျန်(၅၉)ဦးမှာ ဟဲဟိုးလေဆိပ်တွင် အန္တရာယ်ကင်းစွာ ရှိပြီး လေယာဉ်ပေါ်တွင် ကလေး(၁)ဦး အလောင်း တွေ့ရှိရကြောင်း၊ မန္တလေး-ဟဲဟိုး ကားလမ်းသို မှားယွင်း ဆင်းသက်စဉ် ဆိုင်ကယ်စီးနေသူ နှစ်ဦးကို ဝင်တိုက်မိပြီး တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။
အဆိုပါ ဟဲဟိုး မတော်တဆမှုတွင် ပျောက်ဆုံးနေသည့် ခရီးသည်မှာ မနွယ်လင်းရှိန်(Tour Guide) ဖြစ်ကြောင်း Air Bagan လေကြောင်းလိုင်း မှ အတည်ပြု ပေးခဲ့ပြီး ၄င်းသည် မီးလောင် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း အဆိုပါ လေကြောင်းလိုင်းမှ ဆက်လက် သတင်းထုတ်ပြန်သည်။