၂၀ ဧပြီ ၂၀၁၃ - ၁၉:၃၀
စီးပွားတည်နိုင်ပါမှ

အမျိုးကို ချစ်သည်မှာ ကောင်းသည်။ နိုင်ငံကို ချစ်သည်မှာလည်း မွန်မြတ်သည်။ ပြုပြင် ပြောင်းလဲရေးတွေ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်း နေသည်မှာလည်း လူနတ် သာဓု ခေါ်စရာပင်။ သို့သော် တိုင်းပြည် စီးပွား တက်အောင် အားလုံး လုပ်နိုင်ပါမှ အမျိုးကို၊ နိုင်ငံကို တကယ် ချစ်ပြီး တိုင်းပြည်ကိုလည်း အမှန်တကယ် တည်ဆောက် နိုင်ပါလိမ့်မည်။

နိုင်ငံရေးနှင့် စီးပွားရေးသည် အပြန်အလှန် တိုက်ရိုက် ဆက်စပ်နေသည်။ စီးပွားရေးကို နိုင်ငံရေးက လွှမ်းမိုးသလို နိုင်ငံရေးကိုလည်း စီးပွားရေးက ခြယ်လှယ် သည်။ ထို့ကြောင့် နိုင်ငံရေးကို ပြောင်းလိုလျှင် စီးပွားရေးကို ပြင်ရသလို၊ စီးပွားရေးကို ပြင်လိုလျှင် နိုင်ငံရေး ကိုလည်း ပြောင်းရသည်။

နိုင်ငံ တစ်နိုင်ငံကို အခြား နိုင်ငံ တစ်နိုင်ငံက ကိုယ်ထိလက်ရောက် စစ်ရေးဖြင့် ကျူးကျော် သိမ်းပိုက်သော ခေတ် ကုန်သွားပြီ။ ရှားရှား ပါးပါး စစ်ပွဲ တစ်ပွဲ နှစ်ပွဲခန့်သာ မြင်တွေ့ရသည်။ အခြားနိုင်ငံ၏ စီးပွားရေးကို မိမိက ခြယ်လှယ်နိုင်အောင် စီးပွား တောင့်တင်းလျှင်၊ သူ၏ ဈေးကွက်ကို အုပ်စီးထားနိုင်လျှင် စစ်တိုက်ရန် မလိုတော့။ မိမိ အလိုကို လိုက်ရတော့မည်။ ထို့ကြောင့် နိုင်ငံကို မြင်သာ ထင်သာ ဖြစ်စေ၊ မသိမသာ ဖြစ်စေ အခြားသူတို့လက် အရောက်မခံလိုလျှင် စီးပွားတက်အောင် လုပ်ကြဖို့လိုသည်။

ဗြိတိသျှတို့ လက်သို့ မြန်မာနိုင်ငံ ကျရောက်ခဲ့သော နှစ်သည် မြန်မာတို့ စီးပွားရေး ကျသောနှစ်များ ဖြစ်သည်။ တိုင်းပြည် အတွင်း စီးပွား ချို့တဲ့သောကြောင့် လုပ်နိုင် ကိုင်နိုင်စွမ်း ကျဆင်းနေသည်။ ဆင်းရဲ မွဲတေမှု မြင့်သောကြောင့် ခိုးသားဓားပြ သောင်းကျန်းသလို တိုင်းပြည် မတည်ငြိမ်။ တိုင်းသူ ပြည်သားတို့ အာဟာရ ချို့တဲ့ ပညာဉာဏ် နုံ့နဲ့ကြသည်။ တပ်မတော်သည် လက်နက် လူသူ မစုဆောင်းနိုင်။ နိုင်ငံတွင်း ခေတ်မီ နည်းပညာများ မရှိ။

အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စု စစ်အေးကာလ အတွင်းက ရာစုနှစ်ဝက် ပြိုင်ဆိုင်ပြီး ဆိုဗီယက် ပြည်ထောင်စု ပြိုကျသွားခဲ့သည်။ နှစ်နိုင်ငံ စစ်တစ်ကြိမ်မှ မဖြစ်လိုက်ရဘဲ ဆိုဗီယက် ပြိုကျသွားခဲ့သည်မှာ နိုင်ငံ စီးပွားရေး ချွတ်ခြုံကျသွားသောကြောင့် ဖြစ်သည်။ ဆိုဗီယက်၏ ဆိုရှယ်လစ် စီမံကိန်းစီးပွားရေး စနစ်သည် နိုင်ငံနှင့် နိုင်ငံသားများကို ထောက်ပံ့နိုင်ခြင်း မရှိသဖြင့် နိုင်ငံ၏ နိုင်ငံရေးစနစ်ပါ ကျဆုံးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ရေဂင် လက်ထက်တွင် အာကာသတွင်း စစ်ပွဲအတွက် လက်နက် တပ်ဆင်ခြင်း (ဝါ) ကြယ်တာရာ စစ်ပွဲ (Star Wars) စီမံကိန်းကို လူသိရှင်ကြား ကြေညာကာ လက်နက် တပ်ဆင်ခြင်းကို ငွေကြေး မြောက်မြားစွာ အကုန်အကျခံပြီး ပြုလုပ်သည်။ ဆိုဗီယက်ကလည်း အားကျမခံ ထိုအစီအစဉ်ကို တန်ပြန်ရန် အပြိုင်အဆိုင် လက်နက် တပ်ဆင်သည်။ ပြိုင်ရင်း ပြိုင်ရင်း နဂိုကတည်းက ယိုင်နဲ့နဲ့ ဆိုဗီယက်စီးပွားရေး ပိုဆိုးလာပြီး ပြိုသွားတော့သည်။ ကြယ်တာရာစစ်ပွဲသည် ဆိုဗီယက် ပြည်ထောင်စု ပြိုကျသွားခြင်းတွင် အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်သည်။

ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ငွေကြေး ချမ်းသာ ကြွယ်ဝရန် မလိုသော်လည်း ငွေကြေး တောင့်တင်းသည့် နိုင်ငံများတွင် ဒီမိုကရေစီ တည်ဆောက်ရ ပိုလွယ်သည်၊ သို့မဟုတ် ကြာရှည်ခံသည်ကို တွေ့ရသည်။ လူမှု သိပ္ပံပညာရှင် Martin Lipset က “the more well-to-do- a nation, the greater its chances to sustain a democracy” “နိုင်ငံတစ်ခု ချောင်လည် လေလေ၊ ဒီမိုကရေစီကို ထိန်းသိမ်းနိုင်ခြေ များလေလေ” ဟု ပြောကြားခဲ့သည်။ တစ်နှစ် ပျမ်းမျှ ဝင်ငွေ ဒေါ်လာခြောက်ထောင် အထက် နိုင်ငံများတွင် ဒီမိုကရေစီသည် ကြံ့ခိုင် သန်မာသည်ဟု နိုင်ငံရေး သိပ္ပံပညာရှင် Adam Przeworski နှင့် Fernando Limongi တို့ ပူးတွဲပြုလုပ်ခဲ့သည့် ကျယ်ပြန့်လှသော သုတေသနတွင် တွေ့ရှိခဲ့သည်။ ဆိုလိုသည်က ဒေါ်လာ ခြောက်ထောင်အောက် နိုင်ငံများသည် သိပ် မသေချာလှသေး။ ဒေါ်လာ ခြောက်ထောင်မှတ်နှင့် ဝေးလေလေ၊ သတိ ကြီးကြီး ထားနိုင်မှ တန်ခါကျ လေလေ ဆိုသည့်သဘော။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ရေးသည်လည်း နိုင်ငံ့ စီးပွားရေး အပေါ်တွင် မူတည်နေသည်။ အထူးသဖြင့် မြန်မာ့ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတို့ကို တစ်ပြိုင်တည်း ပြုလုပ်နေသောကြောင့် စီးပွားရေးသည် ပိုပြီး အရေးကြီးသည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲလိုက် သောကြောင့် လူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်များ မြင့်တက်လာသည်။ မြင့်တက်လာသော မျှော်လင့်ချက် များကိုလည်း လမ်းပေါ်တွင်၊ စာမျက်နှာများပေါ်တွင်၊ ခန်းမများထဲတွင် ထုတ်ဖော်နိုင်လာသည်။ တစ်ဖက်တွင် ထိုမျှော်လင့်ချက်များကို အကောင်အထည် ဖော်ပေး၊ ဖြည့်ဆည်းပေးနိုင်ရန်သည် စီးပွားရေး ပြုပြင် ပြောင်းလဲရေး၏ ပခုံးပေါ်သို့ ကျရောက်လာသည်။

လုပ်ခလစာတိုးမြှင့်ရေး၊ ၂၄ နာရီ မီးရရှိရေး တို့သည် နိုင်ငံ၏ စီးပွားရေး အခြေအနေပေါ်တွင် မူတည်သည်။ သို့သော် မည်သည့် စီးပွား ပြုပြင် ပြောင်းလဲရေး မဆို တည်ဆောက်ရေး ကာလ ရှိပြီး ထိုအချိန်ကာလကျော်မှ အသီးအပွင့် ခူးဆွတ် စားသုံးနိုင်သည်။ ဥပမာ လွယ်လွယ်တစ်ခု ပေးရလျှင် ဈေးဆိုင်တည်ရန် မြေနေရာ ရွေး၊ မြေရှင်း၊ ဆိုင်ဆောက်၊ ပစ္စည်းခင်းကာလပြီးမှ ဈေးဝယ်များ တဖွဲဖွဲလာမည်။ လာလျှင် ပင် ဆိုင်ရှိ ပစ္စည်းများ လာကြည့်ပြီး မဝယ်ဘဲ ပြန်သွားသူလည်း ရှိမည်။ တဖြည်းဖြည်းနှင့်မှ အရောင်းသွက်လာပြီး အရင်းကျေ၊ ထိုမှတစ်ဆင့် အမြတ် ရလာသည့် အဆင့်သို့ ရောက်သည်။ ထိုသို့ အသီးအပွင့် ခူးမစားနိုင်ခင် စိုက်ထားသည့် အချိန်ကာလ အတွင်းတွင် မျှော်လင့်ချက်များကား တစ်ဆ ထက်တစ်ဆ တိုးလာမည် ဖြစ်သောကြောင့် ဖိအားများလာပြီး နိုင်ငံရေး မတည်ငြိမ်သည် အထိပင် ဖြစ်လာနိုင်သည်။

မည်သည့် စနစ်ပင် သုံးသုံး နိုင်ငံ့စီးပွား တိုးတက်ရေးသည် နိုင်ငံ တည်ငြိမ်မှု ရှိ၊ မရှိ ပေါ်တွင် မူတည်သည်။ နိုင်ငံ မတည်ငြိမ်လျှင် စီးပွားရေး လုပ်ငန်း တည်ထောင်လိုစိတ် မည်သူမျှ ရှိမည် မဟုတ်။ မိမိရှိသည့် အထုပ်လေးကိုသာ ပိုက်ထားကြမည်။ နှစ်ရှည်သွားမှ အရင်းကျေ အမြတ်ထွက်မည့် လုပ်ငန်းကြီးများ ဆိုလျှင် တည်ထောင်ရန် ပို၍ပင် မလွယ်သေးသည်။ အခြေချ နှစ်ရှည်လုပ်လျှင် မသေချာသောကြောင့် အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား တစ်နပ်စားဉာဉ်ဖြင့် လုပ်နိုင်မှ တော်ရုံကျမည်။ ပြည်တွင်းမှ သူပင် စီးပွားရေး မလုပ်လိုလျှင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် လမ်းမမြင်။ ယခုမှ စမည့်သူ ကလည်း စီးပွားရေးလုပ်ရန် တွန့်ဆုတ်နေ၊ လုပ်လက်စ သူကလည်း တိုးချဲ့ရန် တွန့်နေလျှင် နိုင်ငံ့စီးပွား မတက်နိုင်။ စီးပွားရေးလုပ်ငန်းများ ကျဆင်းလျှင်၊ မတိုးချဲ့နိုင်လျှင် အလုပ်အကိုင် ပေါ်ထွန်းမှု နည်းပါးပြီး အလုပ်လက်မဲ့နှုန်း များပြားမည်။

အလုပ်လက်မဲ့နှုန်း များခြင်းသည် နိုင်ငံ တည်ငြိမ်ရေးကို အထောက်အကူ မပြုကြောင်း ပညာရှင်ဖြစ်ရန် မလို လူတိုင်းသိသည်။ အလုပ်လက်မဲ့ နှုန်းများခြင်းနှင့် ရာဇဝတ်မှုများ များပြားခြင်းသည် တိုက်ရိုက် အချိုးကျသည်။ အလုပ်လက်မဲ့နှုန်း များပြားလျှင် နိုင်ငံတွင်းတွင် စိတ်တိုနေသူများ၊ မိမိနှင့် မဆိုင်သည်များကို စိတ်ဝင်စားသူများ များပြားသည်။ အာရုံစူးစိုက်ထားရမည့် အရာ ကင်းမဲ့သော သန်းနှင့်ချီသည့် လူများသည် နိုင်ငံအတွက် အ