၁၃ ဧပြီ ၂၀၁၄ - ၀၃:၂၅
ဒလ (သို့မဟုတ်) ၉၆၉ တို့၏ မြို့ဖျက် ပစ်မှတ်သစ်

ယခုလို အမုန်းတရားများကို သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် လွတ်လပ်စွာ ဟောပြောခွင့်အရှိန်ရနေချိန်တွင် သင်္ကြန်မတိုင်မီ ဧပြီ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် အသျှင်ဝဏ္ဏိတ၊ အရှင်ကဉ္စနောဘာသ (အာဇန်သံကို စော်ကားခဲ့သော ဘုန်းကြီး)၊ အရှင်ဝေပုလ္လ၊ အရှင်ဇ၀န၊ အရှင်ပါကဋလင်္ကရ အစရှိသော ၉၆၉ ဘုန်းကြီးများမှ မွတ်ဆလင်မ်ဆန့်ကျင်ရေးတရားများကို အားပါးတရဟောပြောခွင့် ရရှိခဲ့ကြသည်။

 

 

အဲဟ်လေ့ဘိုက်သ်(အ.စ) သတင်းဌာန ၊ အဗ်နာ
==================================================

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ဇန်န၀ါရီလမှစတင်ကာ သာသနာရေးဝန်ကြီးဋ္ဌာနမှ တရားမ၀င်ဟု ထုတ်ဖော်ပြောကြားထားသော ၉၆၉ ဂိုဏ်းသားများမှ ဦးဆောင်၍ စတီးရိုးဆရာေ...တာ် ပညာဝရ၊ MRTV4 ဆရာတော်ကဉ္စနောဘာသ စသော မွတ်ဆလင်မ်မုန်းတီးရေးကို အပြင်းအထန်ဟောပြောနေသော ဘုန်းကြီးများမှ ညစဉ်အပတ်စဉ် ကုလားများနှင့် မပေါင်းသင်း မဆက်ဆံရေး၊ ကုလားများထံတွင် အရောင်းအ၀ယ်မလုပ်ရေး၊ ကုလားအားပေးများအား မထောက်ခံရေးတို့ကို နိဗ္ဗာန်ရောက်ကြောင်းဗုဒ္ဓတရားတော်များ အမည်ခံကာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်များဖြင့် အမုန်းမီးများ တောက်လောင်နေစေရန် ကြိုတင်ဆီလောင်း ဟောပြောခွင့်ပြုနေသည်မှာ လအတန်ကြာရှိနေပြီ ဖြစ်ပါသည်။

ယခုလို အမုန်းတရားများကို သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် လွတ်လပ်စွာ ဟောပြောခွင့်အရှိန်ရနေချိန်တွင် သင်္ကြန်မတိုင်မီ ဧပြီ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် အသျှင်ဝဏ္ဏိတ၊ အရှင်ကဉ္စနောဘာသ (အာဇန်သံကို စော်ကားခဲ့သော ဘုန်းကြီး)၊ အရှင်ဝေပုလ္လ၊ အရှင်ဇ၀န၊ အရှင်ပါကဋလင်္ကရ အစရှိသော ၉၆၉ ဘုန်းကြီးများမှ မွတ်ဆလင်မ်ဆန့်ကျင်ရေးတရားများကို အားပါးတရဟောပြောခွင့် ရရှိခဲ့ကြသည်။

သင်္ကြန်တွင်း ဧပြီ ၁၄၊ ၁၅၊ ၁၆ ရက်များတွင် အရှင်သဒ္ဓမ္မ(မောင်းတီးဆရာတော်)(ယခုလဆန်းက ဖြစ်ပျက်ခဲ့သော တွံတေး စမ်းရွာပြသနာတွင် မွတ်ဆလင်မ်များကို လူလိမ်များဟု သမုတ်ကာ တောင်းပန်ရမည်၊ မတောင်းပန်က အချုပ်ခန်းပို့မည်ပြောခဲ့သော ဘုန်းကြီး)၊ အရှင်မာသိန္ဒ(မစိုးရိမ်ကျောင်း၊ ဒလ)၊ အရှင်ဝိစိတ္တ အစရှိသော ၉၆၉ ဘုန်းကြီးများမှ မွတ်ဆလင်မ်ဆန့်ကျင်ရေးတရားများကို စိတ်ရှိတိုင်း ပြောချင်တိုင်း စည်းလွတ် ၀ါးလွတ် ဟောပြောခွင့် ရပြန်ဦးမည် ဖြစ်သည်။

သင်္ကြန်ပြီး ဧပြီ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်များတွင် အရှင်ကုသလဏေတိ၊ အရှင်ကောသလ္လ(မြေပုံ၊ ရခိုင်)၊ အရှင်ဒေ၀ိန္ဒာဘိဝံသ၊ အသျှင်ပဏ္ဏိတ၊ အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ) အစရှိသော ၉၆၉ ဘုန်းကြီးများမှ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အထူးတရားပွဲအား ဒလမြို့နယ်ရှိ အကြီးဆုံးတည်းခိုခန်းနှင့် အကြီးဆုံးအရက်ဆိုင်ဖြစ်သော "မင်္ဂလာပါ" တည်းခိုခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်ကျော်မြင့် ၏ မ,တည်မှုဖြင့် ဒလဗိုလ်တေဇဘောလုံးကွင်းတွင် ၅ ညဆက်တိုက် အခြေခံဥပဒေက တရားဝင်ခွင့်ပြုထားသော အစ္စလာမ်ဘာသာကြီးအား အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် စော်ကားမော်ကား ပြောဆိုကြပြန်ဦးမည် ဖြစ်သည်။

ဒလမြို့ခံမွတ်ဆလင်မ်တစ်ဦးဖြစ်သော ပန်းဝါလမ်းနေ ကုန်သည်တစ်ဦးဖြစ်သူ ကိုအောင်မျိုးအား လင်းရောင်ခြည်မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ပြောမနေချင်တော့ပါဘူးဗျာ၊ ဒလမြို့ခံတွေက အဲဒီလောက် မပြောင်းလဲကြဘူးဗျ။ တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင်ပဲ။ ခုလို အပြင်က ဘုန်းကြီးတွေ နေ့စဉ် ညစဉ် ပြောချင်တာ ပြောခွင့်ပေးနေတာကတော့ ရှက်စရာဗျ။ လူ သန်း ၁၇၀၀ လောက် ကိုးကွယ်နေတဲ့ ဘာသာကြီးတစ်ခုကို သူတို့မို့လို့ မရှက်မကြောက် မုဒိမ်းဘာသာတို့၊ ဘာတို့ အကုန်ပြောချင်ရာ ပြောသွားကြတာ၊ ပြောချင်ရင်တောင် ကိုယ့်ဘာသာကောင်းကြောင်းပဲ ပြောရမှာလေဗျာ။ သူတပါးကို ပုတ်ခတ်လိုက်လို့ ကိုယ့်ဘာသာ တိုးတက်လာမယ်ဆိုတာကြီးကတော့ စာဖတ်တတ် ထမင်းစားတဲ့သူတိုင်း နားလည်ပါတယ်ဗျာ။ သူတို့ကတော့ စော်ကားလိုက်ရလို့ ၀မ်းသာနေကြလိမ့်မယ်။ ကျွန်တော်ကတော့ သူတို့အစား ရှက်မိတယ်ဗျ။ ဗမာတွေက သင်္ဃန်းဝတ်ထားတဲ့ဘုန်းကြီး ဘာပြောပြော၊ ယုံလွယ်တဲ့ ဓလေ့ရှိကြတော့ ကြာလာရင် လူတိုင်းရင်ထဲက အမုန်းမျိုးစေ့တွေ အပင်ပေါက်လာကြလိမ့်မယ်။ နောင်မျိုးဆက်တွေဟာ ဘယ်နေရာမှာမှ ဘယ်နိုင်ငံမှာမှ ၀င်ဆံ့တော့မှာ မဟုတ်ဘူး။ ဒါက အဆိုးဆုံး အချက်ပဲ။ အစိုးရတို့၊ မ၀တတို့က တားရင်ရတာပဲဗျ။ သူတို့ကိုယ်တိုင်က အလိုတူ အလိုပါပဲ။ ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးက၀င်ထားတော့ ဒီရန်ကုန်တောင်ပိုင်းခရိုင်ကို ၉၆၉ တွေ ပိုပြီးပစ်မှတ်ထား အားစိုက်နေသလားလို့ ထင်မိတယ်။ ၉၆၉ ဆိုတာကလည်း ကြံ့ခိုင်ရေးတွေပဲလေဗျာ။ မကောင်းတာက ခုလို အမုန်းတွေ ဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အမြဲပြောဆိုနေသူတွေမှာတောင် သံသယတွေ ၀င်လာမယ်၊ သာမန်ကိစ္စအသေးအဖွဲလေးကိုတောင် ပြသနာ အကြီးကြီးချဲ့ချင်သူတွေ အများကြီးဖြစ်လာမယ်။ ဓာတ်ဆီလောင်းထားပြီးသားလေဗျာ။ အကြီးအကျယ်လောင်ဖို့ သာမန်မီးပွားလေး တစ်ပွားတည်းပဲ လိုတာ၊ အစိုးရ ကိုယ်တိုင် တားချင်ရင်၊ အဓိကရုဏ်း မလိုလားရင်၊ ဒီကိစ္စက လွယ်လွယ်လေးပါဗျာ။ ခုတော့..." ဟု သူ၏ အမြင်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့သည်။

မီးမလောင် လောင်အောင် ဓာတ်ဆီလောင်း မြှောက်ပင့်ပေးရာတွင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သော မြန်မာနိုင်ငံ ၉၆၉ ဂိုဏ်းချုပ်ဦးဝီရသူ ယခုလ ၂၅ ရက်နေ့တွင် ဒလမြို့နယ်သို့ လာရောက်ဆီလောင်းကာ အမုန်းတရားဟောပြောပါတော့မည်။ တရားမ၀င်ဟု သာသနာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ဖော်ပြောကြားထားသော ၉၆၉ အသင်း၏ ဂိုဏ်းချုပ်ဦးဝီရသူသည် မြို့တစ်မြို့တွင် ရောက်ရှိဟောပြောပြီး ရက်အနည်းငယ်အကြာတွင် မီးရှို့လုယက်သတ်ဖြတ်မှုများ အများအပြားဖြစ်ပွားပြီး ၄င်းမြို့ မီးလောင်ပြာကျတတ်သော သမိုင်းနောက်ကြောင်းဆိုးကို ပိုင်ဆိုင်ထားသော်လည်း လက်ရှိအစိုးရမှ အမုန်းတရားဟောပြောခွင့်များကို ညစဉ်နေ့စဉ် အရှိန်အဟုန်ဖြင့် ခွင့်ပြုပေးနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

မီးမလောင်ခင်တားလျှင် ရပါသည်။

ပြသနာ တစ်စံတစ်ရာဖန်တီးပေါ်ပေါက်လာပါက ရန်ကုန်တိုင်း၊ ဒလမြို့နယ်အား ရက် ၃၀ အတွင်း ၁၃ ရက်တိုင်တိုင် ၉၆၉ ဘုန်းကြီးများအား အမုန်းမီးမှိုင်းတိုက်သွင်းခွင့်ပြုသော အစိုးရအာဏာပိုင်များတွင် ၁၀၀% အပြည့်တာဝန်ရှိပါသည်။
Ref : လင်းရောင်ခြည်