၁၂ မတ် ၂၀၁၅ - ၂၀:၅၇
လူမည်းလူငယ် ပစ်သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ရဲမှူးကြီး နုတ်ထွက်

ပြီးခဲ့တဲ့နှစ်က လက်နက်မဲ့ လူမည်းလူငယ်တဦး ပစ်သတ်ခံရပြီး လူမျိုးရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံ ဖာဂူဆန်မြို့က ရဲမှူးကြီးရာထူးက နုတ်ထွက်မယ်လို့ မတ် ၁၁ ရက်နေ့က ကြေညာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန၊အဗ်နာ

ပြီးခဲ့တဲ့နှစ်က လက်နက်မဲ့ လူမည်းလူငယ်တဦး ပစ်သတ်ခံရပြီး လူမျိုးရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံ ဖာဂူဆန်မြို့က ရဲမှူးကြီးရာထူးက နုတ်ထွက်မယ်လို့ မတ် ၁၁ ရက်နေ့က ကြေညာပါတယ်။

 

မြို့နယ်ရဲတပ်ဖွဲ့အတွင်း လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုတဲ့ ဗဟိုအစိုးရအစီရင်ခံစာ ထွက်ပေါ်လာအပြီး ရဲမှူး သောမတ် ဂျက်ဆင်(Thomas Jackson) က နုတ်ထွက် ဖို့ ကြေညာခဲ့တာပါ။

 

ပြီးခဲ့တဲ့နှစ် သြဂုတ် ၉ ရက်နေ့က လူမည်းလူငယ် မိုက်ကယ်ဘရောင်းဟာ လူဖြူရဲအရာရှိတဦးရဲ့ ပစ်သတ်ခံခဲ့ရပြီးနောက်ပိုင်း ရဲမှူး သောမတ် ဂျက်ဆင်ရဲ့ ကိုင်တွယ်မှု အပေါ် ပြစ်တင်ဝေဖန်မှုေ တွ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။

 

ဒါကြောင့် ရဲမှူးရာထူးက နုတ်ထွက်ပေးဖို့နဲ့ မိုက်ကယ်ဘရောင်းအမှုကို ဗဟိုအစိုးရ ကိုယ်တိုင်စုံစမ်းဖော်ထုတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။

 

ဗဟိုအစိုးရအစီရင်ခံစာကို ပြီးခဲ့တဲ့ ၁ ပတ်က ထုတ်ပြန်ခဲ့ပြီး ဖာဂူဆန်ရဲဌာနအတွင်း လူမျိုးရေး ဘက်လိုက်မှုတွေ၊ ရဲနဲ့ တရားရေးဌာနကို အသုံးချပြီး မြို့အာဏာပိုင်တွေ ဘဏ္ဍာငွေ ရှာခဲ့တာတွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

 

ဒါကြောင့် အမေရိကန်ရဲတပ်ဖွဲ့ကို ဗဟိုအစိုးရအာဏာ ကုန်သုံးပြီး ပြုပြင်ပြောင်းလဲမယ်လို့ အမေရိကန်ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါး (Eric Holder)က အစီရင်ခံစာ ထွက်ပေါ်ခဲ့အပြီး ပြောဆိုပါတယ်။

 

ဖာဂူဆန်မြို့မှာ လူဦးရေ ၂၁၀၀၀ ကျော်ရှိပြီး အများစုဟာ လူမည်းတွေ ဖြစ်ကြပါတယ်။ မြို့နယ်ရဲဌာနအတွင်းမှာတော့ လူမည်းရဲအရာရှိ ၃ ဦးပဲ ရှိတယ်လို့ ဆိုပါတယ်။

 

လမ်းမတွေမှာလည်း လူမည်းယာဉ်မောင်းသူတွေဟာ တခြားလူမျိုးယာဉ်မောင်းတွေထက် ၂ ဆကျော် ပိုအစစ်ဆေးခံရတယ်ဆိုတာလည်း အစီရင်စာမှာ တွေ့ရှိခဲ့ပါတယ်။

 

ရဲမှူး သောမတ် ဂျက်ဆင်ဟာ လာမယ့် မတ် ၁၉ ရက်နေ့မှာ ရာထူးက တရားဝင်နုတ်ထွက်မှာ ဖြစ်ပြီး နစ်နာကြေးနဲ့ ကျန်းမာရေးအာမခံ ၁ နှစ် ရရှိမယ်လို့လည်း မြို့အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။