အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
လေဆိပ်ပေါက်ကွဲမှုအပြီး တုန်လှုပ်နေသော ခရီးသည်များ။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်ရှိ လေယာဉ်ကွင်းနှင့် မြေအောက်ရထားဘူတာတို့တွင် ဖြစ်ပွားသော ပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူ ၁၃ ဦးမျှ သေဆုံးကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ဇာဗန်တမ်လေဆိပ်တွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားသဖြင့် ကယ်ဆယ်ရေးဝန်ထမ်းများ လေဆိပ်ထဲဝင်ရောက်နေစဉ်တွင် မဲလ်ဘိခ် မြေအောက်ရထားဘူတာ၌ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းက လေဆိပ်တွင်းပေါက်ကွဲမှု အကြောင်းရင်းများကို သဲသဲကွဲကွဲမသိရသော်လည်း မြေအောက်ရထားဘူတာ ပေါက်ကွဲမှုအပြီးတွင်မူ အကြမ်းဖက်တိုက်ခိုက်မှုခံနေရကြောင်း ပိုမိုသိသာလာခဲ့သည်။
တိုက်ခိုက်မှုများဖြစ်ပွားသည့်အချိန်သည် ဒေသစံတော်ချိန်အရ နံနက်ပိုင်းရုံးတက်ရန် သွားလာလှုပ်ရှားမှု အများဆုံးကာလမျိုး ဖြစ်သည်။ ယခုအခါ ဘရပ်ဆဲလ်တွင် အကြမ်းဖက်မှုများကို နိုးကြားစောင့်ကြည့်ရန် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားလိုက်သည်။
ပါရီ အကြမ်းဖက်မှုကြီး၏ အဓိက လက်သည်တရားခံ ဆာလားအက်ဘ်ဒီဆာလမ်ကို ဘရပ်ဆဲလ်တွင် ဖမ်းဆီးရမိပြီး ၄ ရက်အကြာ၌ လေဆိပ်တွင် ယခုပေါက်ကွဲမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘယ်လ်ဂျီယံအစိုးရက လေဆိပ်ပေါက်ကွဲမှုများအတွင်း အသေအပျောက်များရှိခဲ့ကြောင်း အတည်ပြုသော်လည်း အရေအတွက်ကို မကြေညာသေးချေ။ ထို့အပြင် ပေါက်ကွဲမှုများ၏ အကြောင်းရင်းကို စုံစမ်းနေဆဲဟုသာ ပြောကြားထားသည်။
ဘယ်လ်ဂျီယံရုပ်မြင်သံကြားဌာန VRT က လေဆိပ်ပေါက်ကွဲမှုများအတွင်း အနည်းဆုံး လူ ၃၅ ဦးမျှ ဒဏ်ရာများရခဲ့ကြောင်း ဖော်ပြခဲ့သည်။ လေဆိပ်ကို ရှင်းလင်းချိန်တွင် နောက်ထပ်မပေါက်ကွဲသေးသည့် ဗုံးများကိုပါ ရှာတွေ့ခဲ့ကြောင်းလည်း Het Laatste Nieuws သတင်းအေဂျင်စီက ဆိုသည်။
ပေါက်ကွဲမှုများ အပြီးတွင် ဇာဗန်တမ်လေဆိပ်၌ လုပ်ငန်းများရပ်ဆိုင်းထားသလို ရထားကွန်ရက်များကိုလည်း သွားလာမှုဆိုင်းငံ့ထားလိုက်သည်။ ဇာဗန်တမ်သို့ ဆင်းသက်မည့် လေယာဉ်များကို အခြားလေဆိပ်များသို့ လမ်းလွှဲစေခဲ့သလို လေဆိပ်သို့ လူအများ မလာရောက်ရန်လည်း ကြေညာချက် ထုတ်ပြန်တားမြစ်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်များအပြီးတွင် ဥရောပနိုင်ငံများရှိ လေဆိပ်များတွင်လည်း လုံခြုံရေးအဆင့်ကို မြှင့်တင်ထားခဲ့သည်။ ဘယ်လ်ဂျီယံ၌ လူထူထပ်သောနေရာများကို ရှောင်ရှားကြရန်လည်း သက်ဆိုင်ရာနိုင်ငံအလိုက် ၎င်းတို့၏ နိုင်ငံသားများကို တိုက်တွန်းသော ကြေညာချက်များ ထွက်ပေါ်လာသည်။
နီးစပ်သူ အချို့က ဇာဗန်တမ်လေဆိပ်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုများအနက်တစ်ခုသည် အမေရိကန်လေကြောင်းလိုင်း၏ လက်မှတ်စစ်ဧရိယာတွင် ပေါ်ပေါက်ခဲ့ခြင်းဟု ပြောကြားထားသော်လည်း အတည်မပြုနိုင်သေးချေ။
ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး ယန်ယမ်ဘွန်းက အက်ဘ်ဒီဆာလမ်ကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ လက်စားချေတုံ့ပြန်သည့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်းပြောကြားပြီး တစ်ရက်အကြာတွင် ယခုအခြေအနေဆိုးများ ကြုံလာခြင်း ဖြစ်သည်။
ဇာဗန်တမ် လေဆိပ်သည် ဘရပ်ဆဲလ်မြို့တော် အရှေ့မြောက်ဘက် ၇ မိုင်အကွာတွင် တည်ရှိပြီး ယမန်နှစ်က ခရီးသည် အဝင်အထွက် စုစုပေါင်း ၂၃ သန်းကို ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။














