၁၃ စက်တင်ဘာ ၂၀၁၆ - ၁၇:၃၇
ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင်

ရုရှားနှင့် အမေရိကန် ပြည်ထောင်စုများ ဦးဆောင်ဆွေးနွေးထားသည့် ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုသည် ကြိုတင်သတ်မှတ်ထားသည့်အတိုင်း စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် စတင် အသက်ဝင် ခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရုရှားနှင့် အမေရိကန် ပြည်ထောင်စုများ ဦးဆောင်ဆွေးနွေးထားသည့် ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုသည် ကြိုတင်သတ်မှတ်ထားသည့်အတိုင်း စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် စတင် အသက်ဝင်
ခဲ့ကြောင်း သိရသည်။

ရုရှား၏ မဟာမိတ် ဆီးရီးယား အစိုးရ တပ်များကရော၊ အမေရိကန် ထောက်ခံသည့် သူပုန်တပ်ဖွဲ့များပါ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ဆက်လက် တပ်စွဲထားသော်လည်း အပြန်အလှန် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီ ဖြစ်သည်။
 
ဆီးရီးယား စစ်တပ်က မိမိတို့သည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အပြည့်အဝ လိုက်နာမည်ဟု ကြေညာထားသော်လည်း သူပုန်တပ်ဖွဲ့များက အဆိုပါ ကိစ္စကို သတိကြီးကြီး စောင့်ကြည့်နေဆဲဟု ဆိုသည်။
 
အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယခုလုပ်ဆောင်မှုသည် ဆီးရီးယား ပြန်လည် သင့်မြတ် စည်းလုံးရေးအတွက် နောက်ဆုံးလက်ကျန် အခွင့်အရေး ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။
 
အပစ်အခတ် ရပ်စဲပြီးနောက် ဒေသတွင်းရှိ စစ်ဘေးဒဏ် အဆိုးဆုံး ခံခဲ့ရသည့် နေရာများမှ ပြည်သူများထံသို့ ထောက်ပံ့ရေး ပစ္စည်းများ အမြန်ဆုံး ပေးပို့နိုင်ရန် လူသားချင်း စာနာမှု အဖွဲ့အစည်းများက မျှော်လင့်နေသည်။ အထူးသဖြင့် စစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည့် အေလက်ပိုမြို့သို့ အမြန်ဆုံး ဝင်ရောက်နိုင်ရန် လိုလားလျက် ရှိကြသည်။
 
ကယ်ရီက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု စတင်ချိန်မှစ၍ နှစ်ဖက်စလုံး အပြန်အလှန် ရန်လိုမှုများ အတန်ငယ် လျော့ပါးသွားကြောင်း ပြောကြားခဲ့သော်လည်း သဘောတူညီမှု၏ သက်ရောက်နိုင်စွမ်း မည်မျှ ကျယ်ပြန့်မည်ကို ကြိုတင်ခန့်မှန်းရန် စောလွန်းသေးကြောင်း မှတ်ချက်ပေးခဲ့သည်။
 
အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအရ ဆီးရီးယား အစိုးရနှင့် အလယ်အလတ် သဘောထားရှိသော သူပုန်များကြား အပြန်အလှန် တိုက်ခိုက်မှုများကို ဆိုင်းငံ့ထားမည် ဖြစ်သော်လည်း အိုင်အက်စ်နှင့် အယ်လ်နျူဆာရာ တပ်ဦးကဲ့သို့ ဂျီဟတ်ဝါဒီ အကြမ်းဖက် အဖွဲ့အစည်းများနှင့်မူ အကျုံးဝင်မည် မဟုတ်ချေ။
 
အပစ်အခတ် ရပ်စဲမှု သဘောတူညီချက် ဆက်လက် တည်မြဲခဲ့ပါက သတ်မှတ်ကာလ တစ်ခုတွင် အမေရိကန်နှင့် ရုရှားတို့ ပူးပေါင်းပြီး အိုင်အက်စ်နှင့် အယ်လ်နျူဆာရာ တပ်ဦးတို့ကို ပူးပေါင်းတိုက်ခိုက်ရန်လည်း စီစဉ်ထားသည်။ အစောပိုင်းက သဘောထား တင်းမာသည့် သူပုန်အဖွဲ့ တစ်ခုဖြစ်သော အာဟ်ရန်အယ်လ်ရှမ်က အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုကို ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံလာခဲ့သည်။
 
အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုသည် ၄၈ နာရီကြာ သက်တမ်းခံမည်ဖြစ်ပြီး ၄၈ နာရီ ကုန်ဆုံးတိုင်း နောက်ထပ် ၄၈ နာရီစီ သက်တမ်းတိုးမြှင့်သွားရမည် ဖြစ်သည်။ ဆီးရီးယား စစ်ပွဲသည် ၅ နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ဒဏ်ကြောင့် လူပေါင်း ၄.၈ သန်းကျော် နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့ပြီး ပြည်တွင်းတွင်လည်း လူပေါင်း ၆.၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
 
===================
251 / End